
နွေဦးမောင် /ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၄ရက်
မွန်ပြည်နယ် ကျိုတ်ထိုမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို ယမန်နေ့ အောက်တိုဘာ ၃ ရက်နေ့က မိုင်းဆွဲ တိုက်ခိုက်ခံရကာ ထိခိုက်သေဆုံးမှု အများအပြား ရှိနိုင်ကြောင်း သိရသည်။
အဆိုပါ စစ်ကောင်စီတပ်သည် ထိုသို့ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ၎င်း၏ စစ်ကြောင်းကို နောက်ပြန်ခေါက်သွားကြောင်း သိရသည်။
“အသေ အပျောက်တော့ များနိုင်တယ်။ ပွိုင့် လေး ပွိုင့်ကနေ ဆွဲတာဆိုတော့ မိုင်းထောင်ထားတဲ့နေရာ လေးနေရာလုံးကနေ ကွဲပြီး စစ်ကြောင်း ကစင့်ကလျားနဲ့ ပြန်လှည့်ပြေးသွားတယ်” ဟု မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ပဲခူးနှင့် မွန်ပြည်နယ်တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး သတင်းထုတ်ပြန်ခြင်း မပြုလိုသော်လည်း စစ်ကောင်းစီ၏ သတင်းတု ၊ သတင်းမှားများ ဖော်ပြနေမှုအေပါ် ပြည်သူများ သိရှိစေရန် ဖော်ပြပေးခြင်း ဖြစ်ကြောင်း ပြောကြားသည်။
“ စစ်ရေးသတင်းလည်းဖြစ်နေတာကြောင့် သူတို့ဘက်ကခံရတယ်ဆိုရင် လေယာဥ်က ချက်ချင်းဆိုသလိုလာတာ။ စစ်ကောင်စီက အပစ်မဲ့ ပြည်သူတွေရှိတဲ့ ရွာတွေကို ဗုံးကြဲ တိုက်ခိုက်နေတာမို့ မထုတ်ပြန်ချင်တာ။ ဒါပေမယ့် စစ်ကောင်စီက သူတို့ပဲ နယ်မြေတွေစိုးမိုးထားသလို သတင်းတု ၊ သတင်းမှားတွေ ဖော်ပြတာ တွေ့နေရလို့ မြေပြင်အခြေနေကို ပြည်သူတွေသိစေချင်လို့ ပြောရတာပါ” မြေပြင်တော်လှန်ရေး တပ်ဖွဲ့ဝင်က ဆိုသည်။
စစ်တပ် အာဏာသိမ်းပြီး ၂ နှစ်ကျော်အကြာတွင် တော်လှန်ရေးပူးပေါင်းအဖွဲ့များက ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း အတွင်းရှိ စစ်ကောင်စီတပ် ရှေ့တန်းစခန်းများကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်များ၏ စစ်ရေးလှုပ်ရှားမှု နေရာများကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း မြေပြင်သတင်းရင်းမြစ်များ ထံက သိရသည်။
ပုံစာ-တော်လှန်ရေးတပ်ဖွဲ့များ
#ကျိုတ်ထိုမြို့နယ် #စစ်ကြောင်းထိုး #စစ်ကောင်စီတပ် #မိုင်းဆွဲတိုက်ခိုက်ခံရ #Ayeyarwaddy_Times