ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၄ ရက်

ဧရာ၀တီတိုင်း ပန်းတနော်မြို့တွင် စားသုံးဆီကို စျေးချရောင်းရန် စစ်ကောင်စီက ထုတ်ပြန်ပြီးနောက် အကန့်သတ်ဖြင့် ဝယ်ယူနေရပြီ စားဆီ ၂၀ ကျပ်သား ဝယ်ယူနိုင်ရန်အတွက်ပင် တန်းစီ စောင့်ဆိုင်နေကြရကြောင်း မြို့ခံများထံက သိရသည်။

ဒေသခံများသည် စားသုံးဆီ ဝယ်ယူရာတွင်အကန့် သတ်ဖြင့်သာ ဝယ်ယူနေကြရပြီး ရောင်းချမည့်ဆိုင်ရှေ့တွင် တန်စီစောင့်ဆိုင်းနေရကာ စျေးဆိုင်အချို့တွင် ကျပ် ၁၀၀၀၀ ဖိုးခန့် စျေးဝယ်မှသာ ဆီ ၂၀ ကျပ်သား ထုတ်ရောင်းပေးကြောင်း သိရသည်။

“အရင်က စျေးတက်တာ တစ်ခုပဲရှိပါတယ်။ လိုသလောက်ဝယ်လို့ရတယ်။ အခု စျေးလည်း ချရောင်းခိုင်းရော ဝယ်ချင်သလိုဝယ်မရတော့ဘူး။ ဆီ ၂၀ သားရဖို့ သမဆိုင် မှာ တန်းစီနေသလို စီနေရတယ်။ နောက်ရလာတဲ့ ဆီ ၂၀ သားနဲ့ ဘယ်လိုချက်စားမလဲ ” ဟု ပန်းတနော်မြို့ခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ပြင်ပ စားအုန်းဆီ စျေးကွက်တွင် တစ်ပိဿာ ၁ သောင်းကျော်အထိ စျေးမြင့်တက်လာ၍ စစ်ကောင်စီက စျေးချရောင်းရန် ထုတ်ပြန်ခဲ့ပြီးနောက် စားသုံးဆီ ဝယ်ယူရာတွင် အခက်ခဲများ ဆက်တိုက်ဖြစ်ပေါ်နေခြင်း ဖြစ်ကြောင်းဒေသခံများထံက သိရသည်။

“မြို့ပေါ်မှာ ဆီဝယ်လို့မရဘူးလည်း ဆိုရော ရွာဘက်က စျေးဆိုင်တွေက မရောင်းပေး တော့ဘူး။ တချို့ ဆိုင်တွေကတော့ ၅ ကျပ်သား လောက်ရောင်းပေးတယ်။ မြို့ပေါ်မှာ သွားဝယ်ရင်လည်း စျေးတစ်သောင်းဖိုးလောက်ဝယ်မှ ဆီ ၂၀ သားလောက် ထုတ်ရောင်း ပေးတာတွေရှိတယ်။ အခုက ရေလုံပြုတ်စားနေရတဲ့ အဖြစ်တွေတောင်ရှိနေကြပြီ” ဟု ပန်းတနော်မြို့နယ် မှ ဒေသခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီက စားအုန်းဆီကို စျေးချရောင်းရန် ကြေညာပြီးနောက် ဆီ တစ်ပိဿာ ၄၈၀၀ နှုန်းဖြင့် သတ်မှတ်၍ အကန့်အသတ်ဖြင့်ရောင်းချခဲ့ပြီး အခြားမြို့နယ်များတွင်လည်း ဆီကို အကန့်သတ်ဖြင့် ဝယ်ယူနေရကာ တန်းစီစနစ်ဖြင့် ဝယ်ယူရခြင်း ၊ အုပ်ချူပ်ရေးမှူး ထောက်ခံစာဖြင့် ဝယ်ယူရခြင်းများ ရှိလာကြောင်း ဒေသတွင်း အရင်းမြစ်များ ထံက သိရသည်။

ဓာတ်ပုံ- CJ

#ပန်းတနော် #စားသုံးဆီရရှိရန် #တန်းစီစောင့်ဆိုင်း #စျေးဆိုင်အချို့ #စျေး၁၀၀၀၀ဖိုး #ဆီ၂၀ကျပ်သားထုတ်ရောင်း #Ayeyarwaddy_Times