ဧရာဝတီတိုင်းမ်

(မင်းတပ်)၊ အောက်တိုဘာလ ၄ ရက်

အရပ်ဖက်အဖွဲ့အစည်းများဖြစ်ကြသည့် International Mindat K’Cho Organization(IMCO)၊ Heal the World နှင့်CEA(Norway)အဖွဲ့ သုံးဖွဲ့ပူးပေါင်း၍ ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)အတွက် မောင်းပြန် AK-47 အလက် ၄၀ ၊ ကျည်ဆံ ၁၂၀၀၀နှင့် ကျည်အိမ် ၁၂၀ တို့ကို တပ်ဆင်ပေးအပ်ခဲ့ပြီး ထိုသို့ လက်နက် တပ်ဆင်ပေးမှုအပေါ် အထူးကျေးဇူးတင်ရှိကြောင်း ချင်းကာကွယ်ရေး တပ်ဖွဲ့(မင်းတပ်) က ယမန်နေ့ အောက်တိုဘာ ၃ ရက်နေ့တွင် ထုတ်ပြန်သည်။

အဆိုပါလက်နက်များ ဝယ်ယူတပ်ဆင်နိုင်ရန်အတွက် အမျိုးသားညီညွတ်ရေး အစိုးရ (NUG)နှင့် ချိတ်ဆက်၍ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း (EROs) များမှတဆင့် ကူညီမှုရရှိနိုင်ရန် တစ်နှစ်ကျော်အထိ ကြိုးစားပြီးမှ ရရှိနိုင်ခဲ့ခြင်းဖြစ် ကြောင်း ချင်းကာကွယ်ရေး တပ်ဖွဲ့(မင်းတပ်) ထံက သိရသည်။

“အဆင်ပြေသွားလိုက် နောက်ပြန်ပြီးတော့မှ သယ်ယူပို့ဆောင်‌ရေးပိုင်းမှာ အခက်အခဲ အမျိုးမျိုးကြောင့် မသေချာမရေရာမှုတွေ ဖြစ်လိုက်နဲ့ပေါ့။ ပြီးခဲ့တဲ့ ဧပြီလလောက်က အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်‌ရေးဝန်ကြီး(MOD) ဦးရည်မွန်ကို ပြန်လည်ပြီးတော့မှ တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေမှာ အလှူရှင်လေးတွေလည်းရှိတယ်။ အဲဒါကြောင့် အမှန်တကယ်ချိတ်ဆက်ပြီး ပို့ပေးနိုင်ဖို့ ကျွန်တော်တို့ ထပ်ပြီးတော့ တင်ပြခဲ့တယ်။ အဲ့ဒီအချိန်မှာ ဝန်ကြီးကလည်း လိုလိုလားလားနဲ့ ကတိပေးပြီးတော့မှ အမြန်ဆုံးစီရင် ဆောင်ရွက်ပေးမယ်ဆိုတဲ့ဟာမျိုးနဲ့ အကောင်ထည်ဖော်လိုက်တာ လေးလ၊ ငါးလ လောက်အကြာလောက်မှာ ရောက်လာနိုင်တယ်ပြောရမှာပေါ့”ဟု ချင်းကာကွယ်ရေး တပ်ဖွဲ့ (မင်းတပ်)၊ သတင်း၊ ပြန်ကြားရေးနှင့် မှတ်တမ်းဌာန၊ အဖွဲ့ဝင် ဆလိုင်းမင်းတပ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)အနေဖြင့် မောင်းပြန်အလက် ၅၀ နှင့် မောင်းပြန် တစ်လက်လျှင် ဆက်စပ်ကျည်ဆံ ၃၀၀ ရရှိရန် ဆိုထားပြီး လက်ရှိတွင် မောင်းပြန်အလက် ၄၀ ရောက်ရှိလာဖြစ်သည်။ ကျန်ရှိနေသည့် မောင်းပြန် ၁၀ လက်ကိုလည်း MOD မှ အမြန်ဆုံးဆောင်ရွက်နိုင်ရန် မျှော်လင့်ကြောင်းနှင့် ရောက်ရှိ လာသည့် လက်နက်အတွက် ကျေးဇူးတင်ရှိကြောင်း ဆလိုင်းမင်းတပ်က ဆက်လက် ပြောကြားသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)အနေဖြင့် တိုက်ပွဲဖော်ဆောင်မှုအပေါ်မူတည်ကာ ကျည်ဆံ လိုအပ်ချက်များ ရှိလာနိုင်သည့်အတွက် မောင်းပြန်နှင့် ဆက်စပ်သည့် ကျည်ဆံ များကိုလည်း အမြဲတမ်း ဖြည့်တင်းပေးရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရကို မေတ္တာရပ်ခံကြောင်း ဆိုထားသည်။

“လိုအပ်တဲ့ လက်နက်ကို ကူညီ‌ဆောင်ရွက်ပေးတဲ့ အဖွဲ့အစည်းတွေကိုလည်း အများ ကြီးကျေးဇူးတင်တယ်။ ဆက်လက်ပြီးတော့ ဝိုင်းရံပေးကြဖို့၊ ပံ့ပိုးပေးကြဖို့ မေတ္တာ ရပ်ခံချင်ပါတယ်။ တစ်ခါထဲ ကျေးဇူးတင်ကြောင်းကို ပြောကြားချင်ပါတယ်”ဟု ဆလိုင်းမင်းတပ်က ပြောသည်။

မင်းတပ်မြို့ပေါ်ရှိ စစ်‌ကောင်စီတပ်၏ တပ်ရင်းစခန်းကို မသိမ်းပိုက်ထားသော်လည်း စစ်ကောင်စီ တပ်အနေဖြင့် စစ်ရေးအရ လှုပ်ရှားမှု လုံး၀ မပြုလုပ်နိုင်စေရန် ချင်းကာကွယ် ရေးတပ်ဖွဲ့ (မင်းတပ်)က ပိတ်ဆို့ဟန့်တားနိုင်ခဲ့ပြီး မင်းတပ်မြို့‌ပေါ်တွင်လည်း မကြာခဏဆိုသလို တိုက်ပွဲများ ဖော်ဆောင်နိုင်ခဲ့ကြောင်းသိရသည်။

ပုံစာ-CDF-မင်းတပ်အတွက် တပ်ဆင်ပေးထားသည့် လက်နက်ခဲယမ်းများ

#ချင်းကာကွယ်ရေးတပ်ဖွဲ့မင်းတပ် #အရပ်ဖက်အဖွဲ့၃ဖွဲ့ #မောင်းပြန်အလက်၄၀ #ကျည်ဆံ၁၂၀၀၀ #တပ်ဆင်ပေး #Ayeyarwaddy_Times