ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၄ ရက်

အကြမ်းဖက်တိုက်ခိုက်မှုတွေအတွက် ယူကရိန်းစစ်တပ်မှ အဆင့်မြင့်အရာရှိတွေကို တရားစွဲဆိုမယ်လို့ ရု ရှားအစိုးရက ပြောကြားလိုက်ပါတယ်။

ရုရှားပိုင်နက်နယ်မြေနဲ့ လက်ရှိမှာ ရုရှားတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ယူကရိန်းနိုင်ငံက ဒေသတွေအပေါ် ဒရုန်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ ယူကရိန်းစစ်တပ် တာဝန်ရှိသူ ၄ ဉီးက အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့တယ် လို့ စုံစမ်းစစ်ဆေးရေးကော်မတီက စွပ်စွဲပါတယ်။

ယူကရိန်း ထောက်လှမ်းရေးဌာန အကြီးအကဲ၊ ယူကရိန်းလေတပ်မှူး၊ ယူကရိန်းရေတပ်မှူးနဲ့ အမှတ် ၃၈၃ ဒရုန်းတပ်ဖွဲ့တပ်မှူးတို့ကို အကြမ်းဖက်မှုနဲ့ တရားစွဲမယ်လို့ ရုရှားက ပြောပါတယ်။

ကျူးကျော်စစ် စတင်ပြီးနောက်ပိုင်း ယူကရိန်း ဒရုန်းနည်းပညာ ထိရောက်မှုနဲ့ပတ်သက်လို့ ရုရှားနိုင်ငံရဲ့ အလွန်အမင်း စိုးရိမ်မှုကို အဆိုပါကြေညာချက်က ဖော်ပြနေတာဖြစ်ပါတယ်။

ယူကရိန်းစစ်တပ်ဟာ ရုရှားပိုင်နက်အတွင်းထိ တိုက်ခိုက်မှုတွေပြုလုပ်ဖို့ ဒရုန်းတွေကို ထိရောက်စွာ အ သုံးပြုနေပြီး ရှေ့တန်းစစ်မျက်နှာပြင်ပအထိ ပဋိပက္ခ ကျယ်ပြန့်လာပါတယ်။

ရုရှားနိုင်ငံကလည်း ပဋိပက္ခအတွင်း ဒရုန်းနည်းပညာကို အသုံးပြုကာ စစ်ဘက်ပစ်မှတ်တွေနဲ့ ကောက်ပဲ သီးနှံသိုလှောင်ရုံလိုမျိုး အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်နေပါတယ်။

ယူကရိန်းတပ်ဖွဲ့တွေရဲ့ ဒရုန်းတိုက်ခိုက်မှုကို အပြင်းအထန် ကြုံတွေ့နေရတဲ့ ဒေသတွေထဲမှာ ရုရှား ကျူး ကျော်သိမ်းပိုက်ထားတဲ့ ခရိုင်းမီးယား၊ မော်စကို၊ ဘယ်လ်ဂိုရော့၊ ဘရင့်ခ်နဲ့ ကာ့ခ်ဒေသတွေ ပါဝင်ပါတယ်။

ရုရှား စုံစမ်းစစ်ဆေးရေးကော်မတီက ယူကရိန်းစစ်တပ် အဆင့်မြင့်တာဝန်ရှိသူ ၄ ဉီးကို အလိုရှိစာရင်း ထည့်သွင်းကာ မျက်ကွယ်မှာ တရားစီရင်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

ကိုးကား – Fox News
Ref; Russia charges top Ukrainian military leaders with ‘terrorism’ over drone strikes

#Ayeyarwaddy_Times