ဧရာတတီတိုင်းမ်

အောက်တိုဘာလ ၄ ရက်

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ဝမ်းဘဲအင်းကျေးရွာ ဒေးစွန်ပါနယ်မြေအတွင်းရှိ သာသနာ့ နယ်မြေတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)များ ဝင်ရောက်ခိုအောင်းနေသည်ဟု စစ်ကောင်စီက သတင်းဖြန့်၍ သာသနာပိုင်ပစ္စည်းများအပြင် ဘုရားများကိုပါဖျက်ဆီး ရောင်းစား နေကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီသည် ဒေးစွန်ပါနယ်မြေအတွင်းရှိ သာသနာ့နယ်ပိုင် အဆောက်အဦးများဖြစ်သည့် ရှေးဟောင်း ဘုရားစေတီများ၊ အာရုံခံတန်ဆောင်းများ၊ ဓမ္မာရုံများ၊ သံဃာတော်များ သီတင်းသုံး နေထိုင်သည့် ရိပ်သာကျောင်းများ၊ ကြေးခေါင်းလောင်းကြီးများ၊ ကြေးစည်ကြီးများ၊ စင်္ကြံတန်ဆောင်းများ၊ ရေတွင်းရေကန်များ၊ လမ်းတံတားများ၊ ဘုရားပူဇော်ထားသည့် ဆိုလာမီးသံတိုင်နှင့် အုတ်များ စသည်တို့ကို ဖျက်ဆီးကာ ရောင်းချနေခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

“ဘေးလူမကပ်ရဲအောင် PDF နာမည်သုံးပြီး PDF တွေ မခိုအောင်းနိုင်အောင် ဖျက်တယ်လို့ သတင်းလွှင့်တယ်။ ရန်ကုန်က အလုပ်သမားတွေ ငှားဖျက်နေတာပါ။ အခုလည်းဖျက်နေတုန်းပါ။ တူးဖော်ရေးကိရိယာ excavator အသေးတွေနဲ့ တစ်နာရီကို ၂ သိန်းပေး ဖျက်နေတာ။ အခြားလူတွေ ပေးမဝင်ဘူး။ ဓာတ်ပုံရိုက်မှာစိုးလို့”ဟု ဒေးစွန်ပါ သာသနာ့နယ်မြေနှင့် နီးစပ်သူတစ်ဦးက ဧရာတတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီ နှင့် ဖြိုချရာတွင်ပါဝင်သူများသည် သာသနာ့နယ်မြေအတွင်း ဖျက်ဆီးပြီး ထွက်ပေါ်လာသည့် steel structure သံချောင်းများ ၊ စတီးအမိုးပြားများ၊ အုတ်များ၊ ထုသစ်သားများ စသည်တို့ကို ရောင်းချကာ ငွေသိန်းထောင်ချီ၍ ရရှိနေကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါ ဒေးစွန်ပါနယ်မြေအတွင်းရှိ သာသနာ့ပိုင် အဆောက်အဦးများ ဖြိုချဖျက်ဆီး ရာတွင်ဦးဆောင်သူမှာ စစ်ကောင်စီတပ် ခလရ (၉၀) မှ ဗိုလ်ကြီးသန့်ဇင်ဦး ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

စစ်ကောင်စီတပ်မှ ဗိုလ်ကြီးသန့်ဇင်ဦး နှင့် အဖွဲ့သည် ရန်ကုန်-မန္တလေး အမြန်လမ်း ၄၈မိုင် (၇) ဖာလုံရှိ ကွန်ကရစ်အဆောက်အဦတွင် နေထိုင်ကာ ဖြိုချဖျက်ဆီးထားသည့် သာသနာ့အဆောက်အဦးပစ္စည်းများကိုလည်း အဆိုပါ ကွန်ကရစ်အဆောက်အဦးတွင် စုပုံသိုလှောင်၍ ရောင်းချလျက်ရှိကြောင်း ဒေသခံများထံက သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သည် ကျိုက်စွန်ပါဆရာတော် ဖောက်ထားလုပ်ထားသည့် ဝမ်းဘဲအင်းနှင့် အမြန်လမ်း ၄၇ မိုင် (၃) ဖာလုံရှိ ကျောက်ချောလမ်းအား ကျောက်တိုင်စိုက်ကာ သံဇကာဖြင့်ပိတ်ထားပြီး အဆိုပါလမ်းပေါ်ရှိ သံကူကွန်ကရစ် တံတားများကိုပါ ဘက်ဟိုးဖြင့် ဖြိုချဖျက်ဆီးနေကြောင်း ဒေသခံများက ပြောကြားသည်။

ဓာတ်ပုံ-ဧရာဝတီတိုင်းမ်

#ပဲခူးတိုင်း #ဒေးစွန်ပါသာသနာ့နယ်မြေ #PDFများ #စစ်ကောင်စီသတင်းဖြန့် #သာသနာပိုင်ပစ္စည်း #ဘုရားများဖျက်ဆီးရောင်းစား #Ayeyarwaddy_Times