ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၄ ရက်

အာဏာသိမ်း စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦး ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဖြစ်လာပြီးနောက် အမေရိကန်ဒေါ်လာ ၇၂ ဒသမ ၉၈ သန်းပမာဏဖြင့် ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ် ခြောက်ခုကို ခွင့်ပြု ပေးခဲ့ကြောင်းသိရသည်။

ခွင့်ပြုလိုက်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ် ခြောက်ခုတွင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ထုတ်လုပ်ရေးပါအဝင် လျှပ်စစ်ကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍတို့ပါဝင်ပြီး ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၂၆၀၀ ကျော်ကို ဖန်တီးပေးနိုင်မည်ဖြစ်ကာ အောက်တိုဘာ ၂ ရက်နေ့က ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံက သိရသည်။

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ကုန်စာရင်းများအရ ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သော နိုင်ငံများမှာ စင်ကာပူ နိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ဖော်ပြချက်အရ သိရသည်။

နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများအနက် လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၈ ဒသမ ၄၅ ရာခိုင်နှုန်း၊ ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၄ ဒသမ ၄၆ ရာခိုင်နှုန်း၊စက်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၃၈ ရာခိုင်နှုန်းဖြင့် အများဆုံး ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။

အနောက်နိုင်ငံမှ ကုမ္ပဏီများဖြစ်သော ရေနံတူးဖော် ရေးလုပ်ငန်း ဆောင်ရွက်သည့် အမေရိကန်ရေနံကုမ္ပဏီ Chevron၊ ပြင်သစ်စွမ်းအင် ကုမ္ပဏီ Total အပါအဝင် London နှင့် Lucky Strike ဆေးလိပ် ထုတ်လုပ်သော British American Tobacco တို့အပြင် မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံထားသည့် ကုမ္ပဏီအချို့သည် စစ်တပ် အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသွားသည်။

ဓာတ်ပုံ – DICA

#ဗိုလ်ချုပ်ကြီးမြထွန်းဦး #ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ #ဒေါ်လာသန်း၇၀ကျော် #နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု #လုပ်ငန်းသစ်၆ခုကိုခွင့်ပြု #Ayeyarwaddy_Times