
ဧရာ၀တီတိုင်းမ်
အောက်တိုဘာလ ၄ ရက်
စစ်ခေါင်းဆောင်၏ ယုံကြည်ရသူတစ်ဦးဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေး၍ ပိုင်ဆိုင်မှုများကိုပါ သိမ်းဆည်းခဲ့ပြီးနောက် ၎င်း၏ စစ်ဘက်ဆိုင်ရာ စစ်ဦးစီးအရာရှိချုပ်(ကြည်း) နေရာကို အစားထိုးမှု ပြုလုပ်ရန် ရှိကြောင်း သိရသည်။
ကုန်သွယ်ရေးလုပ်ငန်းများတွင် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ လာဘ်ယူမှု၊ စီးပွားရေးလုပ်ငန်းများတွင် အလွဲသုံးစားလုပ်သည့် နိုင်ငံအဆင့်လာဘ်စားမှုတို့ ပေါ်ပေါက်သည့်အတွက် ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းကို ပြီးခဲ့သည့် စက်တင်ဘာ ၁၆ ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
စစ်ခေါင်းဆောင်သည် ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း ဥက္ကဋ္ဌတာ၀န်ယူထားသည့် ရင်းနှီး မြုပ်နှံမှု ကော်မရှင်၊ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှု ကော်မတီ၊ ရွှေနှင့်ငွေကြေးဈေးကွက် ထိန်းသိမ်းကြပ်မတ်ရေးကော်မတီတို့ကို အစားထိုးခန့် အပ်မှုများပြုလုပ်ခဲ့သည်။
ထိုသို့ ပြုလုပ်ပြီးနောက် စစ်ဘက်ဆိုင်ရာ ရာထူး နေရာဖြစ်သည့် စစ်ဦးစီး အရာရှိချုပ်(ကြည်း) နေရာကိုပါ အစားထိုးခန့်အပ်ရန်ပြင်ဆင်နေပြီး အဆိုရာနေရာအား စစ်ထောက်ချုပ်ဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်း နှင့် စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးလင်းအောင်တို့နှစ်ဦး အနက်တစ်ဦးနှင့် အစားထိုး ခန့်အပ် ဖွယ်ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်များ ထံကသိရသည်။
“သူ့(ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း) နေရာမှာအစားထိုးဖို့ ဒုဗိုလ်ချုပ်ကြီးတွေဖြစ်တဲ့ စစ်ထောက်ချုပ်ကျော်စွာလင်းနဲ့ စစ်ရာထူးခန့်ချုပ်လင်းအောင်တို့နှစ်ယောက် တစ်ပြေး နေတယ်။ ထုတ်ပြန်လာမလားတော့မသိဘူး။ နှစ်ယောက်လုံးကတော့ သူ့ရဲ့စီနီယာ တွေပဲ”ဟု စစ်တပ် အရာရှိကြီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ယခုသတင်းထွက်ပေါ်လျက်ရှိသည့် ဒုဗိုလ်ချုပ်ကြီး နှစ်ဦးသည် စစ်တက္ကသိုလ်အပတ်စဉ် ၂၇ ဆင်းဖြစ်ပြီး ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းမှာမူ အပတ်စဉ် ၃၀ မှဖြစ်ကာ ၎င်း ထက်စီနီယာကျသူများဖြစ်ကြောင်း သိရသည်။
ကာကွယ်ရေး ဦးစီးချုပ်နေရာအထိ မျှော်မှန်းခံထားရ သည့် စစ်ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းသည် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်၏ အထူးအရေးပေးခံရသည့် လူယုံတစ် ယောက်ဖြစ်ပြီး စစ်ကောင်စီ၏ စီးပွားရေးနှင့်ငွေကြေး ဆိုင်ရာ ကော်မရှင်များကို အထူးတာ၀န်ယူဆောင်ရွက် နေရသူလည်း ဖြစ်သည်။
၎င်းကို ဖမ်းဆီးထိန်းသိမ်းမှုမပြုလုပ်ခင် ကုန်ဈေး နှုန်းမြင့်တက်မှုများ၊ ငွေကြေးဆိုင်ရာ မတည်ငြိမ်မှု များကြောင့် စီးပွားရေးလုပ်ငန်းရှင်များကို ဖမ်းဆီး စစ်ဆေးခဲ့ပြီးနောက် ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၏ လာဘ်စားမှုများပေါ်ပေါက်ကာ ဖမ်းဆီးထိန်းသိမ်းခံ ရခြင်းဖြစ်ကြောင်း သိရသည်။
စစ်တပ်အရာရှိ ထိပ်တန်းခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စစ်ကောင်စီ၀င်များနှင့် စက်တင်ဘာ ၂၈ ရက်နေ့ကပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် “ယုံကြည်စွာတာ၀န်ပေးအပ်ရာတွင် ရာထူးနှင့် လုပ်ပိုင်ခွင့်ကို အသုံးပြု၍ ကိုယ်ကျိုးစီးပွားပြုလုပ်မှု ကြောင့် အဖွဲ့၀င်အချို့ကို အနားပေးခြင်း၊ ထိရောက် တဲ့အရေးယူမှုများ ပြုလုပ်သွားမည်”ဟု ပြောကြားခဲ့သည်။
ပုံစာ-ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း
#စစ်ကောင်စီ #ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း #စစ်ဦးစီးအရာရှိချုပ်ကြည်း #အစားထိုး #ဒုဗိုလ်ချုပ်ကြီးကျော်စွာလင်း #ဒုဗိုလ်ချုပ်ကြီးလင်းအောင် #Ayeyarwaddy_Times