ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၄ ရက်

ဧရာဝတီတိုင်း ကျုံပျော်မြို့အတွင်းရှိ ရပ်ကွက်များနှင့် အနီးကျေးရွာများတွင် တော်လှန်ရေး အင်အားစုများ ရောက်ရှိနေသည်ဟုဆိုကာ ရေကြည်-ကျုံပျော် လမ်းဆုံ၌ ပြီးခဲ့သည့် အောက်တိုဘာလ ၁ ရက်နေ့ကစတင်၍ စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင် အင်အားအများ စစ်ဆေးရေးတင်းကျပ်နေကြောင်း မြို့ခံများ ထံကသိရသည်။

ယနေ့ အောက်တိုဘာလ ၃ရက်နေ့အထိ ကျုံပျော်မြို့ အဝင်အထွက်ဖြစ်သည့်အမှတ် (၃) ရပ်ကွက်အနီးတွင် တော်လှန်ရေး အင်အားစုများ ရောက်ရှိနေသည်ဟုဆိုကာ စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင် အင်အား ၂၀ ခန့်သည် လမ်းသွားလာများကို စစ်ဆေးရေး တင်းကျပ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

” မြို့အဝင်အထွက်နေရာမှာ PDF တွေရောက်နေတယ်ဆိုပြီးတော့ ၁ ရက်နေ့ထဲက စစ်သားကော၊ ရဲကော အလုပ်ရှုပ်နေတယ်။ လမ်းအသွားအလာတွေကို စစ်နေတယ်” ဟု အမှတ် ၃ ရပ်ကွက်ရှိ ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရေကြည်-ကျုံပျော်လမ်းမပေါ်ရှိ အင်းရဲလမ်းဆုံ ၊ ခရုရိုးလမ်းဆုံနှင့် သပြေကွင်း လမ်းဆုံတို့အပြင် ကျားချောင်းနှင့်သောင်ကြီး ကျေးရွာအဝင်အထွက်တို့တွင်လည်း စစ်ကောင်စီတပ်အင်အား ၃၀ ဝန်းကျင်ဖြင့် လမ်းပိတ်ဆို့ကာ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း ကြုံတွေ့ခဲ့သူများ ထံက သိရသည်။

” အင်းရဲလမ်းဆုံမှာက စစ်တပ်အင်အား ၁၀ဦးကျော်ရှိတယ်။ ခရုရိုးနဲ့သပြေကွင်းမှာက ရဲနဲ့စစ်တပ်တွေအင်အားစုပြီးစစ်နေတာ။ ကျားချောင်းနဲ့ သောင်ကြီးရွာ အဝင်အထွက် လမ်းမှာဆိုကင်းပုန်းဝပ်နေတာတွေ့နေရတယ်” ဟု ကိုယ်တိုင် ကြုံတွေ့ခဲ့ရသည့် သောင်ကြီး ကျေးရွာဒေသခံအမျိုးသားတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။

ကျုံပျော်မြို့နယ်ရှိ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ်အားကစားကွင်း၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် အင်းရဲလမ်းဆုံတို့တွင် ပြီးခဲ့သည့်မေလ၊ ဇူလိုင်လနှင့်သြဂုတ်လ အတွင်းဗုံးပေါက်ကွဲမှုကြောင့် မြို့နယ်ရဲတပ်ဖွဲ့မှူး သေဆုံးခဲ့သည်။

မြို့နယ်ရဲတပ်ဖွဲ့မှူး သေဆုံးခဲ့ခြင်းကြောင့် ဒေသခံလူငယ် ၊ လူလတ်အရွယ် ၃၀ နီးပါးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး မြို့အဝင်အထွက်နေရာနှင့် လမ်းဆုံနေရာများတွင် စစ်ဆေးရေး တင်းကျပ်ထားသည်။

#ကျုံပျော်မြို့နယ် #အနီးကျေးရွာများ #PDFများရောက်ရှိ #စစ်ကောင်စီတပ် #ရဲတပ်ဖွဲ့ဝင် #စစ်ဆေးရေးတင်းကျပ် #Ayeyarwaddy_Times