ဧရာ၀တီတိုင်းမ်
အောက်တိုဘာလ ၃ ရက်

ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ် ရွှေလောင်းကျေးရွာတွင် WY မူးယစ်ဆေးဝါး ရောင်းချ သူ ဒေသခံအမျိုးသားငါးဦးကို ရဲတပ်ဖွဲ့ဝင်များက လေးရက်ကြာ ဖမ်းဆီးထားပြီး တစ်ဦးလျှင် ငွေကျပ်သိန်း ၂၀ တောင်းကာ အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ဝါးခယ်မြို့နယ်၊ ရွှေလောင်းကျေးရွာအတွင်းသို့ ပြီးခဲ့သည့် စက်တင်ဘာ၂၉ ရက် နေ့လယ် ပိုင်းက စစ်ကောင်စီတပ်၊ ခရိုင်ဒနအဖွဲ့ (ခရိုင်ဒုစရိုက်နှိမ်နှင်းရေးရဲအဖွဲ့) နှင့် မြို့နယ် ရဲတပ်ဖွဲ့အင်အား ၁၀ ဦးခန့် ဝင်ရောက်ကာ အသက် ၃၂ နှစ်အရွယ် ကျေးရွာ ဒေသခံအမျိုးသားတစ်ဦးနှင့် အသက် ၃၅ နှစ်မှ ၄၀ နှစ်ဝန်းကျင် ကြားရှိ ဒေသခံအမျိုးသားလေးဦး စုစုပေါင်း ငါးဦးတို့ကို WY မူးယစ်ဆေးဝါးများ ရောင်းချသည်ဟု ဆိုကာ ဖမ်းဆီးခဲ့ကြောင်း မျက်မြင် တွေ့ရှိရသည့် ကျေးရွာဒေသခံများက ဆိုသည်။

“ရွာထဲကို စစ်တပ်ကော ရဲကောအဖွဲ့စုံလာသွားတယ်။ ရွာထဲကလူလတ်ပိုင်း အရွယ်တွေပဲ ငါးယောက်ကို WY ရောင်းနေတယ်ဆိုပြီးတော့ဖမ်းသွားတာ တွေ့လိုက်ရတယ်” ဟု မျက်မြင်တွေ့ရှိရသည့်ကျေးရွာ ဒေသခံအမျိုးသား တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဖမ်းဆီးထားသူများအား ၄ရက် ကြာထိန်းသိမ်းခဲ့ပြီးနောက် တစ်ဦးလျှင် ငွေကျပ် သိန်း ၂၀ တောင်းယူကာ ယမန်နေ့ အောက်တိုဘာလ ၂ရက်နေ့တွင် အာမခံဖြင့် ပြန်လွတ်ပေးခဲ့ကြောင်း ဖမ်းဆီးခံခဲ့ရသူများနှင့် နီးစပ်သူများထံက သိရသည်။

” ဝါးခယ်မရဲစခန်းမှာ ၄ ရက်လောက် ချုပ်ထားတယ်။ မနေ့ကမှတစ်ယောက်ကို သိန်းနှစ်ဆယ်တောင်းပြီးတော့အာမခံနဲ့ ပြန်လွှတ်ပေးလိုက်တယ်” ဟု ဖမ်းဆီးခံရသူများနှင့် နီးစပ်သူ တစ်ဦးကဆိုသည်။

ဝါးခယ်မြို့နယ်တွင် ပြီးခဲ့သည့် ဇွန်လနှင့်သြဂုတ်လအတွင်းကလည်း မြို့ခံ လူငယ်ငါးဦး ထက်မနည်းကို WY မူးယစ်ဆေးဝါးရောင်းချသည်ဟု ဆိုကာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီး၍ တစ်ဦးလျှင် ငွေကျပ် ၁၀သိန်းစီခြိမ်းခြောက်တောင်းယူမှုများ ရှိခဲ့သည်။

#ဝါးခယ်မ #WYရောင်းချသူ၅ဦး #ရဲတပ်ဖွဲ့ဝင်များ #၄ရက်ကြာဖမ်းဆီး #ငွေကျပ်သိန်း၂၀ #အာမခံဖြင့်ပြန်လွှတ် #Ayeyarwaddy_Times