ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊အောက်တိုဘာလ ၃ ရက်

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့တွင် PDF စခန်းများရှိသည့် နေရာကို လိုက်လံစုံစမ်းနေသည့် စစ်ကောင်စီသတင်းပေးဆိုသူကို ဖမ်းဆီးရမိပြီး စစ်ဆေး မေးမြန်းကာ ပြီးခဲ့သည့် အောက်တိုဘာလ ၁ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်က ပစ်သတ်ခဲ့ကြောင်း ကလိန်အောင် အခြေစိုက် Spring Dhamma တပ်ဖွဲ့ထံက သိရသည်။

ပစ်သတ်ခံရသူသည် ကလိန်အောင်မြို့ အမှတ် (၃) ရပ်ကွက်? ကွက်သစ်တွင်နေထိုင်သည့် အသက် ၂၀ ကျော် အရွယ် ကိုကုလား ဆိုသူဖြစ်ပြီး သေဆုံးသူ၏ ဖခင်မှာ ကလိန်အောင်မြို့ အခြေစိုက် ခမရ-၄၁၀ တပ်ရင်း မှ စစ်တပ်ထွက် တပ်ကြပ်ကြီး လှဝင်းဖြစ် ကြောင်းသိရသည်။

“သူက စစ်တပ်ကို လမ်းပြလုပ်ပေးနေတဲ့ သတင်းပေးပါ။ ကျွန်တော် တို့စခန်း တည်နေရာကို လိုက်စုံစမ်းနေတာ နှစ်ခါရှိပြီ။ စုံစမ်းလို့မရဘူးလေ။ အခု ဖမ်းမိတဲ့ ကုလားက ကလိန်အောင် တစ်ခွင်မှာတောကျွမ်းတယ်။ သူ့ကိုဖမ်းမိပြီးတာနဲ့ ကျွန်တော်တို့ တစ်ရက်ကျော်လောက် စစ်ဆေးတယ်။ စစ်ဆေးပြီးတာ နဲ့ သေချာလို့ ရှင်းပစ်တာပါ။ ကျွန်တော် တို့က မဟုတ်ဘဲနဲ့ ဘာကို ရမ်းမလုပ်ပါဘူး။ အခုတော့ ရဲဘော်တွေ ကျဆုံး ခဲ့ရတဲ့ အကြွေးကို ပြန်ယူလိုက်ပါပြီ။ နောက်ထပ်လည်း စစ်ကောင်စီသတင်းပေးတွေကို ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဆောင်သွားမှာပါ” ဟု Spring Dhamma PDF တာဝန်ခံ ဗိုလ်ယက္ခက ဧရာဝတီတိုင်းမ် ကိုပြောသည်။

ဖမ်းဆီသတ်ဖြတ်ခံရသူ ကိုကုလားသည် PDF စခန်းများ တည်ရှိရာ နေရာများကို စုံစမ်းကာ ဓာတ်ပုံရိုက်ယူခြင်းများ လုပ်ဆောင်လျက်ရှိပြီး PDF စခန်းမဟုတ်သည့် သစ်ထိုးသမားများနေထိုင်ရာ တဲများကိုလည်း PDF စခန်းဟုပြောဆိုကာ စစ်ကောင်စီတပ်ထံ သတင်းပေးပို့ကြောင်း ဗိုလ်ယက္ခ၏ ပြောကြားချက်အရ သိရသည်။

စစ်ကောင်စီသတင်းပေးဆိုသူ ကိုကုလားသည် ယခင်ကတည်းက သတင်းပေး ထောက်လှမ်းခြင်းများ ပြုလုပ်နေ၍ နောက်ထပ်မပြုလုပ်ရန် အကြိမ်ကြိမ် သတိပေးခဲ့ သော်လည်း လိုက်နာဆောင်ရွက်ခြင်းမရှိကြောင်း Spring Dhamma ထံကသိရသည်။

Spring Dhamma ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် ပြီးခဲ့တဲ့ သြဂုတ်လ ၂၂ ရက်နေ့ကလည်း ကျောက်ရှပ်ရွာရှိ လက်နက်ကိုင်ဆောင်ထားသူ စစ်ကောင်စီသတင်းပေး ဦးသိန်းစိုးကို ပစ်သတ်ခဲ့ကြောင်း သိရသည်။

ပုံစာ- သေဆုံးသူ ကိုကုလား။

#ကလိန်အောင် #PDFစခန်းများ #လိုက်လံစုံစမ်း #စစ်ကောင်စီသတင်းပေးဆိုသူ #ဖမ်းဆီးပစ်သတ်ခံရ #Ayeyarwaddy_Times