
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၃ ရက်
အင်အားချိနဲ့လာသည့် အာဏာသိမ်း စစ်ကောင်စီက ပြီးခဲ့သည့် ၁ နှစ်အတွင်း တာဝန် ကျေပွန်ခဲ့သည့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များကို ဆုတံဆိပ်ပေးခြင်းသည် မြှောက်ပင့်ကာ အရံအင်အားအဖြစ် သေတွင်းပို့ရန် စီစဉ်နေခြင်းဖြစ်ကြောင်း စစ်တပ်မှ CDM ပြုလုပ်ခဲ့သည့် အရာရှိများက ထောက်ပြပြောဆိုထားသည်။
ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ၎င်းတို့ စစ်ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉)ရပ် အောင်မြင်စေရေး၊ ပြည်သူလူထု၏ လူမှုစီးပွားဘဝ လုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထား၍ ဆက်လက် ဆောင်ရွက်သွား ရာတွင် ရဲတပ်ဖွဲ့သည် ညီနောင်အဖွဲ့အစည်းဖြစ်သည့် တပ်မတော်နှင့် အတူ လက်တွဲပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်ဟု နေပြည်တော်တွင် ပြုလုပ်သော (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့တွင် ထည့်သွင်းပြောဆိုသည်။
“သူတို့(စစ်ကောင်စီ)ရဲ့ စစ်တပ်အင်အားက ချိနဲ့လာပြီဆိုတော့ သူတို့က ရဲနဲ့မီးသတ်ကို စစ်တပ်ရဲ့ အရံအင်အားဆိုပြီး ထိုးကျွေးတော့မှာ။ ဒီလိုစွမ်းရည်တံဆိပ်တွေ ပေးတယ် ဆိုတာ မြှောက်ပေးတာပဲဗျ။ စစ်တပ်ရဲ့ ချိနဲ့လာတဲ့ အင်အားက ဘာလုပ်လို့ပဲ ဖြစ်တော့မလဲဆိုရင် စခန်းထိုင်တော့မယ်၊ သူတို့မဆုပ်တမ်းခံစစ်တွေမှာ စခန်းကို အင်အားအပြည့်နဲ့ထိုင်မယ်။ သူတို့ရဲ့ ဌာနချုပ်စခန်းတွေမှာ အင်အားအပြည့်နဲ့ အတန် အသင့်နဲ့ ပေါ့နော်။ အင်အားအတန်အသင့်နဲ့ပြန်ပြီးတော့ မဆုပ်တမ်း ခံစစ်တွေလုပ်မယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယင်းအပြင် စစ်ကောင်စီသည် ရဲနှင့် မီးသတ်တပ်ဖွဲ့ဝင်များကို မြို့ရွာ/ကျေးလက်များတွင် စစ်လက်နက် တပ်ဆင်ပေး၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF၊ LPDF များနှင့် ရင်ဆိုင်စေခိုင်းတော့မည်ဖြစ်ပြီး ထိုအရာသည် ၎င်းတို့အင်အား ချိနဲ့လာပြီဆိုခြင်းကို ကွက်ကွက်ကွင်းကွင်း မီးမောင်းထိုးပြသည့် သဘောဖြစ်ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ဆိုသည်။
ဒုစစ်ခေါင်းဆောင်သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁ ရက်အတွင်း တပ်ဖွဲ့ဝင်များ၏ တာဝန်ထမ်းဆောင်မှုကို အသိအမှတ် ပြုသည်ဟုဆိုကာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ်များအား ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၇,၃၈၈ ဦးတို့ကို ချီးမြှင့် ပေးခဲ့သည်။
ထို့အပြင် မိမိကျရာကဏ္ဍတွင် တာဝန်ကျေပွန်စွာ ထမ်းဆောင်ရင်း အသက်ပေးလှူခြင်းနှင့် ကိုယ်အင်္ဂါအစိတ်အပိုင်း စွန့်လွှတ်သွားခဲ့ရသည့် ရဲတပ်ဖွဲ့ဝင်များ၏ ဇွဲ၊ လုံ့လ၊ စိတ်ဓာတ်၊ ကြိုးပမ်းမှုများအပေါ်တွင်လည်း ဂုဏ်ယူလေးစား အသိအမှတ်ပြုကြောင်း ဒုစစ်ခေါင်း ဆောင်က မြှောက်ပင့် ပြောဆိုထားသည်။
“သူတို့(စစ်ကောင်စီ)အနေနဲ့က နဂိုကတည်းက ရဲတွေကို ညီနောင်အဖွဲ့အစည်းလို့ သုံးပေမယ့် စစ်တပ်ရဲ့ တစ်ဆင့်နိမ့်အနေနဲ့သာ ဆက်ဆံတယ်။ ဒါကတော့ ရဲတွေလည်း သိပါတယ်။ ခိုင်းကောင်းအောင်လို့ ညီနောင်အဖွဲ့အစည်းလို့ ခဏခဏသုံးတယ်။ နောက်ပြီးတော့ အခုအချိန်မှာလည်း အရံအင်အားဖြစ်တဲ့ ရဲတို့၊ မီးသတ်တို့ ဒီလို အဖွဲ့တွေပါ ရှေ့တန်းလွှတ်နေရတယ်။ လုံခြုံရေးချတာတွေ ပါလုပ်ခိုင်းနေတယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် စစ်တပ်ဘက်မှာက လတ်တလော အင်အားချိနဲ့မှုက တော်တော် ဆိုးလာပြီလို့ ပြောလို့ရတယ်” ဟု CDM ဗိုလ်ကြီး Captain Zero က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် စက်တင်ဘာလ ၂၈ ရက်က ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးလာမှုကြောင့် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့နှင့် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၄၀ ကျော်အထိ သေဆုံးကာ အများစုမှာ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ် ဖွဲ့ဝင်များ ဖြစ်ကြောင်း သိရသည်။
“ရှေ့မှာတုန်းကလည်း စစ်တပ်အငြိမ်းစားတွေ၊ နောက်ပြီးတော့ စစ်တပ်မိသားစုဝင်တွေ သူတို့တွေကို စစ်ပညာပြန်ပြီးတော့ သင်ပေးတာတွေ၊ တာဝန်ပေးနေတာတွေ ဒါတွေလည်း လုပ်နေတယ်ပေါ့နော်။ ဒါကြောင့်မို့ စစ်တပ်က အဖက်ဖက်က ဖိအားတွေကို တော်တော်လေး ခံနေရတဲ့ အနေအထားရှိတယ်။ လက်တလောမှာလည်း အင်အား မလုံလောက်မှုတွေကို ကြီးကြီးမားမား ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ကျွန်တော်တို့ အနေနဲ့ သုံးသပ်လို့ ရတယ်ပေါ့နော်” ဟု CDM ဗိုလ်ကြီး Captain Zero က ပြောသည်။
ထို့ကြောင့် စစ်ကောင်စီသည် လက်ရှိအချိန်တွင် ၎င်းတို့အသုံးချ၍ရသော စစ်တပ်ထောက်ခံသည့် အဖွဲ့အစည်းအားလုံး အထူးသဖြင့် ညီနောင်အဖွဲ့အစည်းဟု မကြာခဏသုံးနှုန်းပြောဆိုသော ရဲတပ်ဖွဲ့ဝင်များကို ချီုးမြှင့်မြောက်စားခြင်းများ၊ ပြန်လည်စည်းရုံး သိမ်းသွင်းခြင်းများကို လုပ်ဆောင်နေကြောင်း စစ်တပ် CDM အရာရှိများက ဆိုထားသည်။
“သူတို့(စစ်ကောင်စီ)သွားတဲ့ ရည်မှန်းချက်ကြီးက လွဲနေတယ်လို့ပဲ ပြောချင်တယ်။ ကျွန်တော်တို့ ရဲတပ်ဖွဲ့ဝင်တွေ ဆိုတာက တိုက်ပွဲအတွေ့အကြုံနဲ့ ပတ်သက်ပြီး တော့လည်း အားနည်းတယ်။ အဲ့အတွက် သူတို့ ဒီပုံစံအတိုင်း ဆောင်ရွက်တာ(ရှေ့တန်းပို့)ကတော့ ရဲတပ်ဖွဲ့ဝင် တွေကို သေတွင်းပို့တယ်ဆိုတဲ့ သဘောမျိုး အများကြီး သက်ရောက်တာပေါ့” ဟု CDM ရဲတပ်သား အောင်ကျော်မိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အာဏာသိမ်း စစ်ကောင်စီသည် ၎င်းတို့လက်အောက်ခံ တပ်ဖွဲ့ဝင်များအပါအဝင် နိုင်ငံဝန်ထမ်းများကို လစာအပြင် အပိုထောက်ပံ့ကြေး တစ်လသုံးသောင်းကျပ်နှင့် နေ့စားအလုပ်သမားများအား တစ်ရက်လုပ်အားခ ၄,၈၀၀ ကျပ်အပြင် အပိုထောက်ပံ့ငွေ တစ်ထောင်ကျပ် ပေးအပ်သွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ၃၀ ရက်က သတင်းထုတ်ပြန်ထားသည်။
ဓာတ်ပုံ – စစ်ကောင်စီ
ပုံစာ- ဒုစစ်ခေါင်းဆောင်က (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့တွင် တပ်ဖွဲ့ဝင်များအား ဆုတံဆိပ်ပေးခြင်း။
#စစ်ကောင်စီ #ရဲတပ်ဖွဲ့ဝင် #ဆုတံဆိပ်ပေး #သေတွင်းထဲပို့ #CDM အရာရှိများ #Ayeyarwaddy_Times