ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၁ ရက်

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊မြို့သစ်(၃)စျ ၇ ရပ် ကွက်အတွင်းက နေအိမ် ၁၀၀ ကျော်ကို အမည်မသိလူ မိုက်အုပ်စုများမှ အဓမ္မဖယ်ရှားခိုင်းနေကြောင်း ဒေသခံများထံကသိရသည်။
မနော်ဟရီလမ်းနှင့် အောင်ဆန်းလမ်းအကြားရှိ အဆိုပါ လူနေအိမ်များကိုဧပြီလအတွင်းမှစ၍ အမည်မသိလူမိုက်ဦးရေ ၁၀၀ ဝန်းကျင်မှ အုပ်စုလိုက်ရမ်းကား၍ နေ့စဥ်နီး ပါး အကြောင်းပြချက်မရှိလာရောက်ဖယ်ရှားခိုင်းနေခြင်းဖြစ်သည်ဟုဆိုသည်။

အဆိုပါလူမိုက်အုပ်စုများလာရောက်ဖယ်ရှားခိုင်းရာတွင် စစ်ကောင်စီ၏ဌာနဆိုင်ရာ၊ရဲ၊ရပ်ကွက်အုပ်ချုပ်ရေးပိုင်းမှ တဦးမှမပါဘဲ ၄င်းတို့လူမိုက်များသာလာရောက်ပြီး နေ ထိုင်သူများကို အင်အားသုံးဖယ်ရှားနေခိုင်းခြင်းဖြစ် ကြောင်း သိရသည်။

” ဒီရပ်ကွက်ထဲက ကျွန်မတို့နေအိမ်တွေကိုပြီးခဲ့တဲ့ ဇန်နဝါရီလက ဌာနဆိုင်ရာတွေက ရှေ့ကရထားသံလမ်းနဲ့မလွတ်လို့ ပေ ၅၀ နောက်ဆုတ်ပေးပါဆိုလို့ တခါဆုတ်ပေးပြီးပြီ။ အခုဟာက ဌာနဆိုင်ရာလည်းမပါဘူး။ သူတို့တွေချည်းဘဲ ဒီတိုင်းကြီး တုတ်တွေ၊ဓားတွေနဲ့ ”ဖယ်ပေးရမယ်၊ဒီမြေကမူရင်းပိုင်ရှင်ရှိတယ်” ဒါဘဲပြောပြီးဖယ်ခိုင်းတယ်၊ ပြီးရင်လူတွေကိုရန်ပြုတယ်၊ ၄ လပိုင်းထဲကနေ ခုထိ ၂ ရက်ခြား၊၃ရက်ခြားတခါလောက် လာလာသောင်း ကျန်းတယ်” ဟု ဒေသခံအမျိုးသမီးတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါမြေနှင့်နေအိမ်များကို ရပ်ကွက်နေထိုင်သူများမှ သိန်းရာနှင့်ချီပေးဝယ်ထားရပြီး ပိုင်ဆိုင်မှုအထောက် အထားများလည်းရှိကာ နေထိုင်လာသည်မှာ အကြာဆုံးဒေသခံသည် နှစ် ၄၀ ဝန်းကျင်ရှိပြီဖြစ်သည်ဟု ဆိုသည်။

”ဒီမှာနေလာတာနှစ် ၂၀ လောက်ရှိပြီ။ အကြာဆုံးက နှစ် ၄၀ လောက်တွေတောင်ရှိတယ်။ ကျွန်မတို့က ကျူးကျော်လည်းမဟုတ်ဘူး။ စပြီးနေတုန်းက မြေချည်းဘဲ သိန်း ၂၀၀ ဝန်းကျင်လောက် ပေးပြီးဝယ်ထားရတာ။ မြေပိုင် ဆိုင်မှုတွေလည်းရှိတယ်။ ကျွန်မတို့ဝယ်ထားတဲ့ပိုင်ရှင်ကို အခုထိရှိနေသေးတယ်။ အဲ့တာကို မူလမြေပိုင်ရှင်ရှိတယ်ဆိုပြီး ခနခနလာဖယ်ခိုင်းတယ်။ခုရက်ထဲမှာကိုလာဖယ်ခိုင်းပြီး လူတွေကို ရိုက်နှက်သွားသေးတယ်။ သူတို့ရန်ကိုကြောက်လို့အိမ်တွေဖျက်ပြီးပြောင်းပြေးကြရတာတွေလည်းရှိတယ်။ ဘယ်ကိုတိုင်လို့တိုင်ရမှန်းလဲမသိဘူး၊ ဘယ်ကမှလည်းတိုင်တာကိုလက်မခံဘူး ” ဟု အခြားဒေသခံအမျိုး သမီးတဦးက ဆိုသည်။

ထို့ပြင် ၄င်းတို့ဖယ်ရှားခိုင်းသည့်နေအိမ်များမှ နေထိုင်သူများမနေရဲအောင်နည်းမျိုးစုံဖြင့် ခြိမ်းခြောက်၊ ရိုက်နှက်မှုများပြုလုပ်နေသဖြင့် နေထိုင်သူများအခက်တွေ့နေရကြောင်းသိရသည်။

ရပ်ကွက်နေထိုင်သူများမှ အဆိုပါအုပ်စုလိုက်ရမ်းကားကာနေအိမ်များကိုဖယ်ရှားခိုင်းမှုအား မြို့နယ်စစ်ကောင် စီ ၊ ထွေအုပ်၊ရဲနှင့်ရပ်ကွက်စစ်ကောင်စီအုပ်ချုပ်ရေးရုံးတို့ကိုသွားရောက်အကြောင်းကြားသော်လည်း ၄င်းတို့ခိုင်းစေထားမှုမရှိကြောင်း၊မသိရှိကြောင်းကိုသာဖြေကြား ပြီး အဆိုပါလူမိုက်အုပ်စုများကို ဖမ်းဆီးမှုများမလုပ် ဆောင်သလို တကြိမ်မျှ လာရောက်ဖြေရှင်းထိန်းသိမ်းပေးခြင်းလည်းမရှိကြောင်း မြို့ခံများထံကသိရသည်။

ရပ်ကွက်နေပြည်သူများမှ ဝိုင်းဝန်းတိုင်ကြားမှုကြောင့် ဇွန်လ ၆ရက်နေ့ရက်စွဲဖြင့်မြို့နယ်စစ်ကောင်စီက အဆိုပါလူမိုက်များ၏လုပ်ရပ်များကို တားမြစ်သည့် ဗီနိုင်းအားလာရောက်ကပ်ထားသော်လည်း လူမိုက်အုပ်စုများမှ နေ့စဥ်နီးပါးဆက်လက်လုပ်ဆောင်နေဆဲပင်ဖြစ်ကြောင်းသိရသည်။

စစ်ကောင်စီက မန္တလေးခရိုင်အတွင်း ရထားလမ်း၊ကားလမ်းစသည့် လမ်းနယ်နိမိတ်နှင့်မလွတ်ကင်းသည့် အဆောက်အဦများ၊ကျူးကျော်နေထိုင်သူများ ၏နေအိမ်များကို အင်အားသုံးဖယ်ရှားမှုများရှိနေသော်လည်း ၄င်းတို့စစ်ကောင်စီဌာနဆိုင်ရာ မသိရှိဘဲ အမည်မသိ လူမိုက်အုပ်စုများကသာ ယင်းကဲ့သို့ဆောင်ရွက်နေမှုအပေါ် မန္တလေးမြို့ခံများက ဝေဖန်ပြောဆိုမှုများရှိနေကြောင်း သိရသည်။

ဓာတ်ပုံ – ရပ်ကွက်ရှိနေအိမ်တချို့အား လူမိုက်အုပ်စုများမှ အင်အားသုံးဖယ်ရှားဖျက်ဆီးထားသည့်ပုံ (CJ) ။