ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၁ ရက်

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် ပရတ်ခ်ဆိုခွန်က မြန်မာနိုင်ငံသို့ တတိယအကြိမ် လာရောက်ဖို့ စီစဉ်နေပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံကာ သူမရဲ့ သြဇာအရှိန်အဝါကို အသုံးပြုပြီး မြန်မာ့ ပဋိပက္ခကို အဆုံးသတ်လိုတယ်လို့ ဇူလိုင်လ ၂၀ ရက်က ပြောကြားခဲ့ပါတယ်။

နယူးယောက်မြို့မှာ စက်တင်ဘာလ ၁၃ ရက်မှ ၂၇ ရက်အထိ ပြုလုပ်မယ့် ကုလသမဂ္ဂ အထွေထွေညီလာ ခံမတိုင်မီ စက်တင်ဘာလ ဒုတိယအပတ်မှာ မြန်မာနိုင်ငံသို့ လာရောက်ဖို့ မျှော်လင့်တယ်လို့ ကမ္ဘောဒီးယား ဒုတိ ယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ပရတ်ခ်ဆိုခွန်က ပြောပါတယ်။

နိုဝင်ဘာလမှာပြုလုပ်မယ့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲမတိုင်မီ အောက်တိုဘာလစောပိုင်းမှာ ပရတ်ခ် ဆိုခွန်က အစားထိုးခရီးစဉ်တစ်ခုအနေနဲ့ မြန်မာနိုင်ငံကို သွားရောက်ဖွယ်ရှိပါတယ်။ ကမ္ဘောဒီးယားနိုင်ငံက ဒီနှစ် အာဆီယံအဖွဲ့ရဲ့ အလှည့်ကျဥက္ကဌတာဝန်ကို ယူထားပါတယ်။

ယခင်ခရီးစဉ်နှစ်ခုအတွင်း မြန်မာစစ်တပ်က ပရတ်ခ်ဆိုခွန်ကို နေပြည်တော်အကျဉ်းထောင်မှာ တိုက်ပိတ် ခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် မပေးခဲ့ပါဘူး။

အာဏာသိမ်းစစ်ကောင်စီက အကျင့်ပျက်ချစားမှု၊ ရွေးကောက်ပွဲမဲမသမာမှု စတဲ့စွပ်စွဲချက်တွေနဲ့ တရား ရင်ဆိုင်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဖို့ ကမ္ဘောဒီးယားနိုင်ငံရဲ့ တောင်းဆိုချက်တွေကို ထပ်တလဲလဲ ငြင်းဆန်းခဲ့ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးတဲ့အခါ အရေးကြီးဆုံး အရာတွေကတော့ မြန်မာ့အနာဂတ်အပေါ် သူရဲ့အမြင်နဲ့ပတ်သက်ပြီး ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးသြဇာအရှိန်အဝါက ငြိမ်းချမ်းရေးနဲ့ ပြန်လည်ရင်ကြားစေ့ရေး ဖြစ်စေနိုင်တဲ့အပေါ် ဘယ်လို ရှုမြင်လဲဆိုတာ မေးမြန်းမှာဖြစ်ပါတယ်” လို့ အာဆီယံ အ ထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံရပြီးနောက်ပိုင်း ပထမဆုံး ပြည်ပမီဒီယာတစ်ခုနဲ့ အင်တာဗျူးမှုတစ်ခုအဖြစ် ပရတ်ခ်ဆိုခွန်က CNA သတင်းဌာနကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးနယ်ပယ်သာမက ငြိမ်းချမ်းရေးနဲ့ ပြန်လည်ရင်ကြားစေ့ရေးအတွက် မြန်မာနိုင်ငံမှာ အရေးပါဆုံးပုဂ္ဂိုလ်တစ်ဦး ဖြစ်နေဆဲပဲလို့ သူက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့က မဖြစ်နိုင်သေးဘဲ နောက်တစ်ဆင့်ဆိုရင်တော့ ဖြစ်နိုင်တယ်လို့ ဇွန် လအတွင်း မြန်မာနိုင်ငံကိုလာရောက်တဲ့ ဒုတိယမြောက်ခရီးစဉ်အတွင်း အာဏာသိမ်းခေါင်းဆောင် မင်းအောင် လှိုင်က သူ့ကို ပြောခဲ့တယ်လို့ ပရတ်ခ်ဆိုခွန်က ဆိုပါတယ်။

သူ့အနေနဲ့ အဲဒီခရီးစဉ်အတွင်း နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံခဲ့ပြီး မြန်မာစစ်တပ်နဲ့ NUG၊ PDF တို့ကြား ဖြစ်နိုင်ဖွယ်ရာ စေ့စပ်ညှိနှိုင်းမှုတွေအတွက် လမ်းဖွင့်ပေးခဲ့တယ်လို့ ပရတ်ခ် ဆိုခွန်က ပြောပါတယ်။

ကိုးကား – CNA
Ref; ASEAN special envoy plans third trip to Myanmar; hopes to use Aung San Suu Kyi’s influence to end violence