ဧရာဝတီတိုင်းမ်
(ညောင်လေးပင်)၊ အောက်တိုဘာလ ၂ ရက်

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာအနီးတွင် ယမန်နေ့ အောက်တိုဘာ ၁ ရက်နေ့က လမ်းဖျက်ဆီးရန်လာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၅ ဦးဝန်းကျင် ထိခိုက်သေဆုံးနိုင်ကြောင်း Spring Warriors Column ၏ ထုတ်ပြန်ချက်အရ သိရ သည်။

ယမန်နေ့ နံနက် ၁၁ နာရီမှစတင်၍ ပုဇွန်မြောင်းကျေးရွာအနီးရှိ ကျေးရွာချင်း ဆက်လမ်းများကို ဖျက်ဆီးရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့များကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အရာရှိတစ်ဦးအပါအဝင် ၁၅ ဦးဝန်းကျင် ထိခိုက် သေဆုံးခဲ့ပြီး သေနတ်တစ်လက်သိမ်းဆည်းရမိကာ ဘတ်ဟိုး(မြေတူးစက်) တစ်လုံးကို လည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

” မနေ့က ဖြစ်တဲ့တိုက်ပွဲမှာ ရန်သူ(စစ်ကောင်စီတပ်)ဘက်က ဆယ်ယောက်ကျော် လောက်သေတယ် လို့သိရတယ်။ သူတို့ရဲ့ ဘတ်ဟိုးတစ်စီး မီးရှို့လိုက်တယ်။ အဲ့ဒီဘတ်ဟိုးက လမ်းတွေဖျက်ဖို့ ယူလာတာ”ဟု တော်လှန် ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွင် ဝောာ်လှန်ရေးတပ်ဖွဲ့ဝင် လေးဦးထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး တစ်ဦးမှာ စိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပုစွန်မြောင်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိနေ၍ ကျေးရွာအတွင်းရှိ ဒေသခံများမှာစစ်ဘေးရှောင်နေရပြီး ယခုအခါ ကျေးရွာအတွင်းမှ စစ်ကောင်စီတပ်များ ပြန်လည် ဆုတ်ခွာသွားပြီဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲအတွင်း KNLA ၊ Spring Warriors Column ၊ Royal Peacock Column၊ PDF တပ်ရင်း ၃၇၀၂ နှင့် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ပုဇွန်မြောင်းကျေးရွာသို့ စစ်အင်အားအများအပြားအသုံးပြု၍ ပြီးခဲ့သည့် စက်တင်ဘာ ၂၉ ရက်နေ့တွင် စတင်စစ်ကြောင်းထိုးလာပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် ပြင်းထန်စွာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

အဆိုပါ ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၄၀ ကျော်သေဆုံးခဲ့ပြီး သေဆုံးသူ အများစုသည် ရဲနှင့်မီးသတ်တပ်ဖွဲ့ဝင်များဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ ထံက သိရသည်။
ဓာတ်ပုံ – ပေးပို့
#ညောင်လေးပင် #ပုဇွန်မြောင်းတိုက်ပွဲ #စစ်ကောင်စီတပ်၁၅ဦးသေ #လမ်းဖျက်ဆီး #SpringWarriorsColumn #Ayeyarwaddy_Times