
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂ ရက်
ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့နယ်တွင် မှတ်ပုံတင်စမတ်ကဒ် ပြုလုပ်ရန်အကြောင်းပြ၍ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ကလူတစ်ဦးလျှင် ငွေကျပ် ၃၀၀၀ ဝန်းကျင်ကောက်ခံနေကြောင်း ဒေသခံများထံက သိရသည်။
ကန်ကြီးထောင့်မြို့အနီး ကံကုန်း၊ဝါးဒူး၊အနောက်စု၊ဘဲဂရက်နှင့်သရက်ချောင်းစသည့် ကျေးရွာများမှ ဒေသခံများအပေါ် မှတ်ပုံတင် စမတ်ကဒ်ပြုလုပ်ရန် အကြောင်းပြ၍ ပြီးခဲ့သည့်စက်တင်ဘာလ၃၀ ရက်နေ့ကစပြီး ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့များမှ ငွေကြေးတောင်းခံမှုပြုလုပ်လာကြောင်း သိရှိရသည်။
”မှတ်ပုံတင် စမတ်ကဒ်လုပ်ရမယ်။စာရင်းသွင်းခငွေပေးရမယ်ဆိုပြီး တောင်းလာတာ။ ရာအိမ်မှူးတွေ ဆယ်အိမ်မှူးတွေက စာရင်းကောက်ရင်းငွေတောင်းနေတယ်။ ငွေမပေးရင်စမတ်ကဒ်လုပ်မရဘူး။ စာရင်းမသွင်းပေးဘူး အပြောခံရတယ်” ဟု ဝါးဒူးကျေးရွာဒေသခံ အမျိုးသမီတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် စမတ်မှတ်ပုံတင်ကဒ် ပြုလုပ်ရာ၌
မြို့နယ်လဝကရုံးတွင် လက်ဗွေနှင့် မျက်လုံးစကင်ဖတ်ရန်အတွက်ဟုဆိုကာ တစ်ဦးလျှင်ငွကျပ် ၃၀၀၀ ထက်မနည်း ပေးရန် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှ လိုက်လံကောက်နေခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
” ရာအိမ်မှူးတွေက စာရင်းလိုက်ကောက်နေတာ။မြို့နယ်လဝက ရုံးမှာ စကန်ဖတ်ဖို့တစ်ယောက်ကို သုံးထောင်ကျပ် လိုက်တောင်းတယ်။တကယ်ကဂွင်ဖန်နေတာ။သူတို့ကိုတမင်ဂွင် ဖန်ပေးသလိုဖြစ်နေတယ်” ဟု ဘဲဂရက်ကျေးရွာ ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
ကန်ကြီးထောင့်မြို့နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းကလည်း ရပ်ကျေးအုပ်ချုပ်ရေးမှူး၏ ထောက်ခံစာပါရှိမှသာ စက်သုံးဒီဇယ်ဆီနှင့် စားသုံးဆီ အကန့်အသတ်ဖြင့် ဝယ်ယူခွင့်ပြုထားကြောင်းသိရသည်
#ကန်ကြီးထောင့်မြို့ #မှတ်ပုံတင်စမတ်ကဒ်ပြုလုပ် #တစ်ဦးလျှင် #ငွေကျပ်၃၀၀၀ကောက်ခံ
#Ayeyarwaddy_Times