နွေဦးမောင် /ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂ ရက်

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ရှိ မြို့မရဲစခန်းတွင် အထိုင်စခန်းချထားသည့် စစ်ကောင်စီတပ်နှင့် တရားရုံးတို့ကို စစ်ရှိန်မြှင့်တင်ရန်အတွက် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က ဖွဲ့စည်းပေးသည့် ဗျူဟာတပ်ရင်းဖြင့် ပြီးခဲ့သည့် စက်တင်ဘာလ ၃၀ ရက်နေ့ ညပိုင်းက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး သေဆုံးခဲ့ကြောင်း သိရသည်။

တပ်ရင်း လေးရင်းပါဝင်သည့် NUG လက်အောက်ခံ ဗျူဟာတပ်ရင်းဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါဗျူဟာ တပ်ရင်းတွင် ယင်းမာပင်ခရိုင် တပ်ရင်း ၁ ၊ တပ်ရင်း ၁၁ ၊ တပ်ရင်း၁၇ နှင့် တပ်ရင်း၂၈ တို့ ပါဝင်ကြောင်း တော်လှန်ရေး တပ်ဖွဲ့များ ထံက သိရသည်။

“တိုက်ခိုက်ခဲ့တာဟုတ်ပါတယ်။ ဆားလင်းကြီး ယင်းမာပင် ခရိုင်တွေအတွင်းမှာ စစ်ရေးအရှိန်မြှင့်တင်ဖို့ဆိုပြီး တော်လှန်ရေးတပ်ရင်းတွေ စုဖွဲ့ထားတဲ့ ဗျူဟာအနေနဲ့ ဒုတိယအကြိမ် စစ်ရေးလှုပ်ရှားမှုအနေနဲ့ လုပ်ဆောင်ခဲ့တာပါ။ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်က သုံး ယောက်သေတယ်” ဟု မြေပြင်တော်လှန်ရေး လှုပ်ရှားနေသည့် တပ်ရင်းမှူး တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

တော်လှန်ရေးအရှိန်မြှင့်တင်ရန်အတွက် ဗျူဟာအဖွဲ့၏ စီမံကွပ်ကဲမှုဖြင့် တိုက်ခိုက်ရန် ပြီးခဲ့သည့် သြဂုတ်လ ၁၂ ရက်နေ့က NUG ၏ စီစဉ်ပေးမှုဖြင့် တပ်ရင်း သုံး ရင်းပေါင်း တစ်ဗျူဟာ ၊ တပ်ရင်း လေးရင်းပေါင်း တစ်ဗျူဟာ၊ တပ်ရင်း ငါးရင်း ပေါင်း တစ်ဗျူဟာ စုပေါင်းဖွဲ့စည်း၍ စစ်ရေးဖော်ဆောင်မှုများကို လုပ်ဆောင်နေကြောင်း အဆိုပါ တပ်ရင်းမှူးထံ က သိရသည်။

ဆားလင်းကြီးမြို့နယ်နှင့် ယင်းမာပင် မြို့နယ်များတွင် စစ်ကောင်စီတပ်အား အမြစ်ပြတ် ခြေမှုန်းရန်အတွက် စစ်ရေးဗျူဟာများဖွဲ့ကာ ညီညီညွတ်ညွတ်ဖြင့် တိုက်ထုတ်နေပြီး ပြီးခဲ့သည့် စက်တင်ဘာ ပထမအပတ်ကပုလဲမြို့နယ်အတွင်း စစ်ကြောင်း ထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို ပထမဦးဆုံး ဗျူဟာ တိုက်ခိုက်မှုဖြင့် တိုက်ခိုက် ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များ ထံကသိရသည်။

ဓာတ်ပုံ-NUG
ပုံစာ-တော်လှန်ရေးတပ်ဖွဲ့များ

#ဆားလင်းကြီးမြို့နယ် #ရဲစခန်းနှင့်တရားရုံး #စစ်ကောင်စီတပ် #NUGဗျူဟာတပ်ရင်း #ဝင်ရောက်တိုက်ခိုက် #Ayeyarwaddy_Times