
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂ ရက်
ဧရာဝတီတိုင်း၊ မြန်အောင်မြို့အနီးရှိကျေးရွာများတွင် တော်လှန်ရေးအင်အားစုများ ခိုအောင်းနေသည်ဟုဆိုကာ စစ်ကောင်စီတပ်နှင့်ရဲအဖွဲ့က စဥ်ဧည့်စာရင်းစစ်ဆေးမှုပိုမိုလုပ်ဆောင်လာကြောင်း ဒေသခံများထံက သိရသည်။
မြန်အောင်မြို့အနီး ရွှေကျင်နှင့်သပြေကုန်း စသည့်ကျေးရွာများတွင် တော်လှန်ရေးအင်အားစုများ ခိုအောင်းနေသည်ဟုအကြောင်းပြကာ ခလရ -၅၁ နှင့် ရဲအဖွဲ့မှအင်အား ၃၀ ဝန်းကျင်ဖြင့် ညစဥ်ဧည့်စာရင်းစစ်ဆေးမှု ပိုမိုပြုလုပ်နေကြောင်း ကျေးရွာဒေသခံများထံက သိရှိရသည်။
” ရွာအနီးမှာ PDF တွေခိုအောင်းနေတယ်ဆိုပြီးဧည့်စာရင်းပိုစစ်လာတယ်။ ခလရ ၅၁ နဲ့ရဲ အယောက်၃၀ လောက် ရှိတယ်။ အိမ်တိုင်းကိုPDF နဲ့အဆက်အသွယ်ရှိလား။လူစေ့ရှိလားမေးသွားတယ်” ဟု ရွှေကျင် ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါ ဧည့်စာရင်းစစ်ဆေးမှုကို ယခုအောက်တိုဘာ လ တစ်လနီးပါးကြာ ဆောင်ရွက်ရန် အနောက်တောင်တိုင်းစစ်ဌာနချုပ်(နတခ)မှ ပြီးခဲ့သည့်စက်တင်ဘာလ ၃၀ ရက်နေ့က လျှိုဝှက်ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း ခလရ -၅၁ တပ်တွင်းသတင်းအရင်းအမြစ်ထံက သိရသည်။
“ကြံခင်းနဲ့မြန်အောင်မြို့ကြားကရွာတွေကို PDF အဖွဲ့တွေရှိမရှိဧည့်စာရင်းစစ်တဲ့ပုံစံနဲ့ရှာခိုင်းတာ။နတခတိုင်းမှူးက လျို့ဝှက်ပြီးညွှန်ကြားတာပေါ့။တလလုံးနီးပါးစစ်ဆေးခိုင်းထားတယ်” ဟု ခလရ -၅၁ နှင့်နီးစပ်သည့်တပ်တွင်းသတင်းအရင်းအမြစ်က ဆိုသည်။
ပြီးခဲ့သည့်စက်တင်ဘာလ ဒုတိယအပတ်ကလည်းမြန်အောင်မြို့တွင်းရှိ ရပ်ကွက်နေရာနှင့် အောင်မြင်ကိုင်း၊ကျောင်းကုန်းနှင့် အစုကြီးစသည့်ကျေးရွာများမှ နိုင်ငံရေးလှုပ်ရှားမှုကြောင့်ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များကို ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့နှင့် ခလရ (၅၁)ရှိစရဖ အဖွဲ့မှ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးများတွင် ခေါ်ယူစစ်ဆေးမေးမြန်းကာ ငွေကြေးတောင်းခံမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
#မြန်အောင် #ဝန်းကျင် #PDFများခိုအောင်းနေ #ညစဥ်ဧည့်စာရင်းစစ်ဆေးမှု #ပိုမိုလုပ်ဆောင်
#Ayeyarwaddy_Times