
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂ ရက်
စစ်ကောင်စီက တစ်ဖက်သပ်ကျင်းပရန် ကျင်းပရန် ပြင်ဆင်နေသည့် အတုအယောင် ရွေးကောက်ပွဲအတွက် မဲစာရင်းခိုင်မာရေးဟုဆိုကာ စစ်ကောင်စီအခြေစိုက် နေပြည်တော်ကောင်စီ၊ ဒက္ခိဏသီရိမြို့နယ်တွင် အောက်တိုဘာ ၁ ရက်နေ့မှစတင်၍ စမ်းသပ် သန်းခေါင်စာရင်း စတင်ကောက်ယူနေကြောင်း သိရသည်။
အောက်တိုဘာ ၁ ရက်နေ့မှ ၁၅ ရက်အတွင်း တိုင်းနှင့် ပြည်နယ်အားလုံးရှိ မြို့နယ် ၂၀ ကို ရွေးချယ်သတ်မှတ်၍ ကောက်ကွက် ၁၀၀ ကို စတင်ကောက်ယူမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
အဆိုပါကောက်ယူမှုတွင် အစုအဖွဲ့အတွက် မေးခွန်း ၁၈ ခုနှင့် အိမ်ထောင်စုများအတွက် မေးခွန်း ၆၈ ခု မေးမြန်းမည်ဖြစ်ပြီး ဒေသခံများအနေဖြင့် မှန်ကန်စွာ ဖြေကြားပေးရန် ပြောကြားထားကြောင်း သိရသည်။
၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်းမှ ထွက်လာမည့်လူဦးရေဖြင့် မဲစာရင်း ပြုစုနိုင်မည်ဖြစ်ပြီး တိုင်းနှင့်ပြည်နယ်အလိုက်မဲစာရင်းကောက်ယူခြင်း မပြုနိုင်သေး သည့် မြို့နယ်အချို့ရှိကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဆိုထားသည်။
စစ်ကောင်စီက ထိုသို့ တစ်အိမ်တက်ဆင်း မြေပြင်လူဦးရေ စာရင်းကောက်ယူရာတွင် အားပေးသူအဖြစ် ပါဝင်သည့် အကြမ်း ဖက်စစ်အုပ်စု၏ အုပ်ချုပ်ရေးအဖွဲ့များ၊ လဝကအဖွဲ့များနှင့် အခြားမည်သည့်ဒေါက်တိုင်မဆို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် ပြင်းပြင်းထန်ထန် တရားစွဲဆို အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ(NUG) ၊ ပြည်ထဲရေးဝန်ကြီးဌာနက သတိပေးထားသည်။
စစ်ကောင်စီ၏ ယခု ၂၀၂၃ ခုနှစ် ၊ နှစ်စပိုင်း အိမ်ထောင်စုစာရင်း ကောက်ယူမှုတွင် ထိတွေ့တိုက်ပွဲများ နှင့် ပစ်ခတ်မှုများ နေ့စဉ် ဖြစ်ပွားနေသည့် စစ်ကိုင်း၊ မကွေး၊ ကယား၊ ကရင် နှင့် ချင်းပြည်နယ်အပါအဝင် တချို့ဒေသများတွင် စာရင်းကောက် ယူမှုနိုင်မှု မရှိကြောင်း သိရသည်။
စစ်ကောင်စီ လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် ၂၀၂၃ ခုနှစ်အစပိုင်းက တိုင်းနှင့်ပြည်နယ်များတွင် ဇန်နဝါရီလ ၉ ရက်နေ့ကနေ ၃၁ အထိ ရုံးပိတ်ရက်မှအပ ရက်ပေါင်း ၂၀ ကြာ အိမ်ထောင်စုစာရင်းကောက်ယူရာတွင် အိမ် ထောင်စု၏ ၈၆ ဒဿမ ၇ ရာခိုင်နှုန်းအထိ ကောက်ယူနိုင်ခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
ထိုသို့ အိမ်ထောင်စုစာရင်း ကောက်ယူချိန်တွင် စစ်ကောင်စီလက်အောက်ခံများ ဝန်ထမ်းများ သတ်ဖြတ်ခံရမှုရှိခဲ့ပြီး ဗုံးဖောက်ကွဲမှုများ အပါအဝင် စစ်ကောင်စီ၏ လူဝင်မှုကြီး ကြပ်ရေးဦးစီး ဌာနရုံးတစ်ရုံး မီးလောင်မှုဖြစ်ပွားခဲ့သည်။
၂၀၁၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကိုအခြေခံ၍ ၂၀၂၃ အောက်တိုဘာ ၁ ရက်နေ့ တွင် ရှိသော မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေစာရင်းတွင် ၅၆ ဒသမ ၂ သန်းရှိကြောင်း စစ်ကောင်စီ၏ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ထုတ်ပြန်ထားသည်။
စစ်ခေါင်းဆောင်သည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သန်းခေါင်စာရင်းကောက်ယူ၍ တစ်ဖက်သက်ပြင်ဆင်နေသော်လည်း တော်လှန်ရေး တိုက်ပွဲများကို နေရာဒေသအစုံ ဖော်ဆောင်လာနိုင်သလို နေပြည်တော်အထိပါ စစ်ရေးအရ ခြိမ်းခြောက် လာနိုင်သည်။ ထို့ကြောင့် လက်ရှိ နေပြည်တော်တွင် ရှိနေသော စစ်ခေါင်းဆောင်များအတွက်ပင် လုံခြုံမှု မရှိတော့ဘူးကြောင်း ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်နေ့က ကျရောက်သည့် ပြည်သူ့ခုခံတော်လှန်စစ် ကြေညာခြင်း ၂ နှစ် ပြည့် နိုင်ငံတော် အခြေပြမိန့်ခွန်းတွင် NUG ယာယီသမ္မတ ဒူဝါလရှီးလက ထည့်သွင်းပြောကြားထားသည်။
ဓာတ်ပုံ-စစ်ကောင်စီ
ပုံစာ- နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် စမ်းသပ်သန်းခေါင်စာရင်းကောက်ယူစဉ်
#စစ်ကောင်စီ #တစ်ဖက်သပ်ပြင်ဆင် #ရွေးကောက်ပွဲ #နေပြည်တော် #ဒက္ခိဏသီရိမြို့နယ် #စမ်းသပ်သန်းခေါင်စာရင်း #Ayeyarwaddy_Times