ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊အောက်တိုဘာလ ၂ ရက်

တနင်္သာရီတိုင်း၊ထားဝယ်အကျဥ်းထောင်တွင် အကျဥ်းထောင်ဝန်ထမ်း နှစ် ဦး အသတ်ခံရပြီး အကျဥ်းသား ငါး ဦးထွက်ပြေး လွတ်မြောက်သွားကြောင်း ထောင်နှင့် နီးစပ်သူများထံမှ သိရသည်။

စက်တင်ဘာလ ၃၀ ရက်နေ့က ထားဝယ်အကျဥ်းထောင်မှ ထောင်ဝန်ထမ်း နှစ်ဦး နှင့် အကျဥ်းသား ငါး ဦးတို့သည် ထားဝယ်ကနေ ရှစ် မိုင်ခန့်ဝေးသည့် ရေဖြူမြို့ ၊ဇီးကျကျေးရွာ အနီးရှိ အကျဥ်းထောင်အသစ် ဆောက်သည့် နေရာသို့ ရာဘာထင်းများ ကိုသယ်ယူရန် ခေါ်ဆောင်လာချိန်တွင် ထောင်ဝန်ထမ်း နှစ်ဦး အသတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း ထောင်တွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

“ထောင် ကို ညအိပ်တန်းပိတ်ချိန်အထိ ထောင်ဝန်ထမ်း နှစ်ဦးနဲ့ အကျဥ်းသားတွေမရောက်လာကြဘူး။ ဖုန်းနဲ့ဆက်သွယ်လုပ်လို့လည်း မရဘူး။အဲဒါကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ရှာကြတယ်။မနေ့က မှ မောင်မယ်ရှောင်ရွာ ရေဝိုင်းလမ်းဆုံရဲ့ အနားမှာ ထောင်ဝန်ထမ်း နှစ်ဦးရဲ့ အလောင်းကိုပြန်တွေ့ရတယ်။ အကျဥ်းသားတွေကတော့ အခုအချိန်အထိ လွတ်မြောက်နေပါတယ်”ဟုအကျဥ်းထောင်နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အသတ်ခံရသည့် အကျဥ်းထောင်ဝန်ထမ်း နှစ်ဦးမှာ ထားဝယ်အကျဥ်းဦးစီးဌာနမှ တပ်သား လွင်ငြိမ်း နှင့် အောင်ဘိုဘိုထွဋ် တို့ဖြစ်ကြောင်း သိရသည်။

“ သေဆုံးသွားတဲ့ အကျဥ်းထောင်ဝန်ထမ်း နှစ်ဦးရဲ့ အသုဘကို ယနေ့ အောက်တိုဘာလ ၂ ရက်နေ့မှာ ထားဝယ်အကျဥ်းထောင်မှာ လုပ်တယ်။ ထောင်ဘူးဝမှာလည်း ပဌာန်းတရားတော်တွေကို စပီကာနဲ့ အသံအကျယ်ကြီးဖွင့်ထားကြတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။
အဆိုပါ ထွက်ပြေးလွတ်မြောက်သွားသည့် အကျဥ်းသား ငါး ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တစ်ခုက ခေါ်ယူပြီး စောင့်ရှောက်ပေးထားသည်ဟု သတင်းများကြားရသော်လည်း မည်သည့်အဖွဲ့က ခေါ်ယူစောင့်ရှောက် ပေးထားသည်ကို ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း သိရသည်။

အဆိုပါ အကျဥ်းသား ငါး ဦးထွက်ပြေးလွတ်မြောက်သွားသူများကို ပြန်လည်ဖမ်းဆီးရမိရေးအတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နီးစပ်ရာကားဂိတ်များကို ပိတ်ဆို့ပြီး အပူတပြင်းရှာဖွေနေကြောင်း သိရသည်။

ဓာတ်ပုံ-ထားဝယ်အကျဥ်းထောင်မှ ဝန်ထမ်းနှစ်ဦးအသတ်ခံရသည့်နေရာ

#ထားဝယ်ထောင် #အကျဥ်းထောင်ဝန်ထမ်း #၂ဦး #အသတ်ခံရပြီး #အကျဥ်းသား၅ဦးထွက်ပြေးလွတ်မြောက် #Ayeyarwaddy_Times