
နွေဦးမောင် /ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂ ရက်
ဧရာဝတီတိုင်း၊ မအူပင်မြို့ရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် ကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ က နေပြည်တော်ရှိ စစ်ခေါင်ဆောင် တည်ထားသည့် မာရဝိဇယ ဘုရားသို့ အခမဲ့ ဘုရားဖူးပို့ဆောင်ပေးကာ စည်းရုံးရေးပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။
ကြံခိုင်ရေးပါတီသည် စစ်ကောင်စီခန့်ထားသည့် အုပ်ချုပ်ရေးမှူများမှတဆင့် ဒေသခံများကို ခေါ်ယူကာ စစ်ခေါင်းဆောင်၏ မာရဝိဇယ ဘုရားသို့ နေစရိတ်၊ စားစရိတ် ငြိမ်း ပို့ဆောင်၍ ပါတီစည်းရုံးရေး လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။
“ပို့ပေးနေတာကတော့ ကြာပြီ။ အလှည့်ကျ သဘောမျိုးနဲ့ ကျေးရွာတွေဘက်က လူတွေကိုအရင်ပို့ပေးနေတာ။ မြို့ပေါ်ရပ်ကွက်တွေကတော့ စက်တင်ဘာ ဒုတိယပတ်လောက်ကစပြီး ပို့ပေးနေတာ။ အခုလည်း ရပ်ကွက်တစ်ခုကို သုံးယောက်နှုန်း ထပ်ပို့ပေးဖို့ စီစဥ်နေတယ်” ဟု ကြံခိုင်ရေး ပါတီဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တည်ထားသည့် မာရဝိဇယ ဘုရားသို့ သွားရောက်ခွင့်ရသူများကို နေပြည်တော်ရှိ ဟိုတယ်များတွင် အခမဲ့နားခိုခွင့် စီစဥ်ပေးထားပြီး စစ်တပ်မသိမ်းခင်က ရွေးကောက်ပွဲကာလများတွင် မအူပင်မြို့နယ် ကြံခိုင်ဖွံဖြိုးရေးပါတီမှနေ၍ စည်းရုံးရေး တာဝန်ခံလုပ်ကိုင်ခဲ့သူများက စီစဥ်ဆောင်ရွက် ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။
ကြံခိုင်ရေးပါတီသည် စစ်တပ်ကအာဏာသိမ်းပြီး တစ်ဖက်သပ် ပြုလုပ်ရန် စီစဉ်နေသည့် စစ်ကောင်စီ၏ ရွေးကောက်ပွဲအတွက် မာရဝိဇယဘုရားသို့ ဘုရားဖူး လွှတ်ကာ စည်းရုံးရေးဆင်းခြင်းများ စတင်လုပ်ဆောင်လာနေခြင်း ဖြစ်ကြောင်းဒေသခံများ ထံကသိရသည်။
ပုံစာ- စစ်ခေါင်းဆောင်၏ မာရဝိဇယဘုရား
#မအူပင် #ကြံခိုင်ရေးပါတီ #စစ်ခေါင်းဆောင်မာရဝိဇယဘုရား #အခမဲ့ ဘုရားဖူးပို့ဆောင် #စည်းရုံးရေးပြုလုပ် #Ayeyarwaddy_Times