
ဧရာဝတီတိုင်းမ်
(အုတ်ဖို)၊ အောက်တိုဘာလ ၂ ရက်
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ကြယ်နီကုန်းရွာရှိ ရာအိမ်မှူး ကိုအောင်ဝင်းလေး ကို ယနေ့အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၅ နာရီဝန်းကျင်တွင် သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၂) ၊ တပ်ခွဲ-၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို က သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိရသည်။
ရာအိမ်မှူးကိုအောင်ဝင်းလေးသည် ပြီးခဲ့သည့် ဩဂုတ်လ အတွင်းက ပစ်ခတ်ခံရပြီး သေဆုံးသွားသည့် ရာအိမ်မှူးဂျော့နေရာတွင် အစားထိုး၍ ရာအိမ်မှူး တာဝန်ယူ နေသူဖြစ်ပြီး အနီးပါတ်ဝန်းကျင်ရှိ ဒေသခံများကို အင်အားစုဆောင်းကာ စစ်သင်တန်း ပေးနေသူ တစ်ဦးဖြစ်ကြောင်း သိရသည်။
“သူ့ကိုသတိပေးထားတာကြာပြီ။ ဒါကိုသူကမလိုက်နာတဲ့အပြင် သူကိုယ်တိုင်လဲ စစ်သင်တန်းတက်တယ်။ စစ်သင်တန်းလဲပြန်ပေးတယ်။ ဒါကြောင့် စောင့်နေတာကြာပြီ။ အခုမှ မနက်ပိုင်း တပ်ထဲကိုသင်တန်းတက်ဖို့အသွားမှာ စောင့်ပစ်လိုက်တာ။ သူ့ကို စစ်တပ်က သေနတ်နဲ့ လက်ပစ်ဗုံး ပေးထားတယ်ပြောတယ်။ မနက်က ကျွန်တော်တို့ ရှာတာတော့မတွေ့ဘူး။ သူ့အိမ်မှာပဲထားခဲ့လားတော့မပြောတက်ဘူး” PDF တပ်ရင်း ၃၈၀၂ ပြန်ကြားရေးတာဝန်ရှိသူ ကိုဇော်ကြီးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရာအိမ်မှူး ကိုအောင်ဝင်းလေးသည် ကြယ်နီကုန်းရွာနှင့် အနီးနားရှိ ရွာများ၏ ပျူစောထီးခေါင်းဆောင်တစ်ဦး ဖြစ်ပြီး လူအင်အားစုဆောင်း၍ စစ်ကောင်စီ ခမရ-၆ တိမ်မြုပ်တပ်တွင် စစ်သင်တန်းပေးခြင်း၊ တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းများ ကိုစစ်ကောင်စီထံ ထောင်လှမ်းပေးပို့ခြင်း၊ ဒေသခံများကို ခြိမ်းခြောက်အနိုင်ကျင့်မှု များပြုလုပ်ခြင်းကြောင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးသူ ကိုအောင်ဝင်းလေး ထံမှ စစ်ကောင်စီနှင့်ဆက်သွယ်မှုများရှိသည့် ဖုန်းတစ်လုံး၊ တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ သွားလာလှုပ်ရှားမှုများကို မှတ်တမ်းတင်ထားသည့် မှတ်စုစာအုပ် တစ်အုပ်၊ ငွေကျပ်အနည်းငယ်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
အုတ်ဖိုမြို့နယ်တွင် ပြီးခဲ့သည့် ဩဂုတ်လ ၇ ရက်နေ့ကလည်း ထွက်ပြေး တိမ်းရှောင် နေသည့် ထန်းပင်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးမျိုးဝင်းနေရာတွင် ယာယီ အုပ်ချုပ်ရေးမှူးတာဝန်ယူထားသည့် ရာအိမ်မှူးဂျော့ကို မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက သေနတ်ဖြင့်ပစ်သတ်ခဲ့သည်။
ဓာတ်ပုံ – ပေးပို့။
#အုတ်ဖို #ရာအိမ်မှူးကိုအောင်ဝင်းလေး #ပျူခေါင်းဆောင် #စစ်သင်တန်းပေး #PDFတပ်ရင်း၃၈၀၂ #Ayeyarwaddy_Times