
ဧရာဝတီတိုင်းမ်
(မင်းတပ်)၊ အောက်တိုဘာလ ၂ ရက်
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)နှင့် စစ်ကောင်စီတပ်တို့အကြား ထိတွေ့ပစ်ခတ်မှု ၅ ကြိမ်ဖြစ်ပွားခဲ့ပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)၏ တပ်ဖွဲ့ဝင်တစ်ဦးကျဆုံး၍ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း အောက်တိုဘာ ၁ ရက်နေ့တွင် ထုတ်ပြန်သည်။
အဆိုပါနှစ်ဖက်ထိတွေ့ပစ်ခတ်မှု ၅ ကြိမ်တွင် စစ်ကောင်စီတပ်ဘက်က ၄ ဦးသေဆုံး၍ အများအပြားဒဏ်ရာရရှိနိုင်ပြီး မင်းတပ်မြို့ပေါ်တွင် ၄ ကြိမ်နှင့် မကွေးတိုင်း၊ ယောဒေသတွင် တစ်ကြိမ်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့အနေနဲ့ မကွေးတိုင်းက တော်လှန်ရေးညီနောင်အဖွဲ့တွေ၊ MOD က PDF တွေနဲ့ စစ်ရေးအရ ပူးပေါင်းတိုက်ပွဲဖော်ဆောင်ရာမှာ တက်ကြွစွာ ပါဝင်တိုက်ပွဲ ဝင်နေပါတယ်။ အထူးသဖြင့် ဂန့်ဂေါခရိုင်၊ ပခုက္ကူခရိုင်က မိတ်ဖက်အဖွဲ့တွေနဲ့ ဖြစ်ပါတယ်”ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)၊ သတင်း၊ ပြန်ကြားရေးနှင့် မှတ်တမ်းဌာန၊ အဖွဲ့ဝင်ဆလိုင်းမင်းတပ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် စစ်ကောင်စီတပ်က စက်တင်ဘာလအတွင်းတွင် ဒေသခံပြည်သူ ၆၀ ဦးကို အကြောင်းမဲ့ ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးခံ ၆၀ ဦးအနက်မှ ၅၀ ဦးပြန်လည်လွတ်မြောက်ကာ ၁၀ ဦးမှာ လွတ်မြောက်လာခြင်းမရှိသေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိတွင် မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါ၊ ထီးလင်း၊ ကျောက်ထု၊ လောင်းရှည်၊ ဆောမြို့နယ်တချို့တွင်သာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနိုင်ခဲ့ပြီး မင်းတပ်မြို့ နယ်အတွင်သို့ စစ်ကြောင်းထိုးခြင်း မပြုသည်မှာ ကြာမြင့်ပြီဖြစ်ကြောင်းသိရသည်။
“ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)ရဲ့ လိုအပ်တဲ့ လက်နက်၊ ခဲယမ်းတွေကို ပြည်သူ တွေအနေနဲ့ ဖြည့်ဆည်းပေးကြဖို့ အထူးမေတ္တာရပ်ခံလိုပါတယ်။ ချင်းကာကွယ်ရေး တပ်ဖွဲ့(မင်းတပ်)ကတော့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့အတူ တော်လှန်ရေး၊ စစ်ရေးပိုင်းတွင် တာဝန်ကျေနေပါတယ်။ ဆက်ပြီးလည်း တာဝန်ကျေနေစေရမယ်လို့ ကတိပေးပြောကြား လိုပါတယ်ခင်ဗျ”ဟု ဆလိုင်းမင်းတပ်က ဆိုသည်။
မင်းတပ်မြို့၊ အခြေစိုက်-၂၇၄ စစ်ကောင်စီတပ်ရင်းသည် ပြီးခဲ့သည့် စက်တင်ဘာ ၂၉ ရက်နေ့က လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ပြီး အဆိုပါ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက်မပြည့်သေးသည့် ကလေးငယ် နှစ် ဦးလည်းဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ-CDF-မင်းတပ်
ပုံစာ-CDF-မင်းတပ်တပ်ဖွဲ့ဝင်များ
#မင်းတပ် #စက်တင်ဘာလ #ထိတွေ့ပစ်ခတ်မှု၅ကြိမ် #ချင်းကာကွယ်ရေးတပ်ဖွဲ့မင်းတပ် #တပ်ဖွဲ့ဝင်၁ဦးကျဆုံး #စစ်ကောင်စီတပ်ဖွဲ့ဝင်၄ဦးသေဆုံး #Ayeyarwaddy_Times