
ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊အောက်တိုဘာလ ၂ ရက်
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့အခြေစိုက် Spring Dhamma (KLA) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ယာယီစခန်းချထားသည့် ကျောက်ရှပ်ရွာနွယ်လီ ချောင်းဖျားနေရာကို ပြီးခဲ့သည့် စက်တင်ဘာ ၃၀ ရက်နေ့တွင် စစ်ကောင်စီတပ်က လာရောက်ပစ်ခတ်မှုကြောင့် နှစ်ဖက်ထိခိုက် သေဆုံးမှုများရှိကြောင်းသိရသည်။
နယ်မြေရှင်းလင်းရေးအတွက် ကလိန်အောင်မြို့အခြေစိုက် Spring Dhamma PDF တပ်ဖွဲ့ဝင်များ ယာယီစခန်းချထားသည့် နေရာကို ဒလန်၏သတင်းပေးမှုကြောင့် ပြီးခဲ့သည့် စက်တင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က စစ်ကောင်စီတပ်သား အင်အား ၅၀ ဝန်းကျင်ခန့် ရောက်လာ၍ နှစ်ဖက် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရဲဘော် နှစ်ဦး ကျဆုံးကာ လက်နက်ခဲယမ်း နှင့် ဆက်စပ်ပစ္စည်းများ ဆုံးရှုံးခဲ့ရကြောင်း Spring Dhamma PDF တာဝန်ရှိသူထံက သိရသည်။
စစ်ကောင်စီတပ်ရဲ့ အင်အားအလုံးအရင်းနဲ့ စီးနင်းတိုက်ခိုက်ခံရမှုကြောင့် အသက် ၂၅ နှစ် အရွယ်ဝန်းကျင်ခန့်ရှိသူ ရဲဘော် ဗိုလ်လင်းယုန် နှင့် ရဲဘော် မီးပွား တို့ နှစ်ဦး ကျဆုံးခဲ့ရပြီး စစ်ကောင်စီတပ်မှ သုံး ဦးသေဆုံးခဲ့ကြောင်းသိရသည်။
“ဒလန် သတင်းပေးတာကြောင့် ကျွန်တော့် ရဲဘော်တွေ အခုလို ကျဆုံးသွား ရတာပါ။ အဲဒီနေ့က မိုးကလည်း အရမ်းရွာနေတော့ အခုပစ်ခတ်မှု ဖြစ်စဥ်ဖြစ်ပွားခဲ့တဲ့ နေရာနားက တဲအိမ်လေးမှာ ခဏဝင်ခိုနားနေပြီး ချက်ပြုတ်စားနေတာ။ ရဲဘော်က အားလုံး ငါး ယောက်ပေါ့။ ၁ နာရီလောက်ကြာတော့ ဒလန်က စစ်သားအင်အား ၅၀ လောက် ခေါ်လာ ပြီးတော့ ခဏနားခိုနေတဲ့နေရာကို ဝိုင်းထားလိုက်တယ်။ ပြောရမယ်ဆိုရင် ကျွန်တော် တို့ကို စစ်တပ်(စစ်ကောင်စီတပ်)က အရှင်ဖမ်းဖို့ပေါ့။ စစ်သား (စစ်ကောင်စီတပ်သား) တွေက ရဲဘော်တွေနေတဲ့နေရာကို ရောက်လာပြီး အားလုံးလက်နက်ချ ငြိမ်ငြိမ်လေးနေကြလို့ လှမ်းအော်တယ်” ဟု Spring Dhamma PDF ရဲ့ တာဝန်ခံ ဗိုလ်ယက္ခ က ဧရာဝတီ တိုင်းမ်ကိုပြောသည်။
ထိုသို့လှမ်းအော်စဉ် ကျဆုံး ရဲဘော်များဖြစ်သည့် ဗိုလ်လင်းယုန် နှင့် ရဲဘော်မီးပွား တို့က စစ်ကောင်စီတပ်ကို ပြန်လည်ခုခံပစ်ပေးသဖြင့် ကျန်ရဲဘော်ဦး သုံးဦး လွတ်မြောက်လာကြောင်း သိရသည်။
“ စစ်တပ်က လက်နက်ချဖို့ အော်တဲ့အချိန်မှာ အခုကျသွားတဲ့ ဗိုလ်လင်းယုန် နဲ့ ရဲဘော် မီးပွားတို့က စစ်ကောင်စီတပ်ကိုပြန်ပီးခုခံပစ်ပေးတယ်။ အဲဒါနဲ့ ရဲဘော်တွေ ထွက်ပြေးပြီး လျှိုထဲကိုခုန်ချလိုက်တယ်။ ရဲဘော်သုံးယောက်က လွတ်သွားတယ်။ ရဲဘော် နှစ်ဦးတော့ စစ်တပ်ကို နောက်ဆုံး ထွက်သက်အထိခုခံပစ်ပေးပြီး မြင့် မြတ်စွာကျဆုံးသွားခဲ့တယ်” ဟု ဗိုလ်ယက္ခ က ဆက်လက်ပြောကြားသည်။
အဆိုပါ ပစ်ခတ်မှုတွင် ကလိန်အောင်မြို့အခြေစိုက် ခမရ-၄၀၈ ၊ ခမရ-၄၀၉ တပ်ရင်းမှ စစ်ကောင်စီတပ်သား သုံး ဦးသေဆုံးခဲ့ပြီး သေဆုံးသွားသည့် စစ်ကောင်စီတပ်သား သုံး ဦး ရဲ့အလောင်းများကို တပ်ရင်းသို့ သယ်ဆော်ခြင်းမရှိဘဲ အနီးရှိ ချောက်ထဲသို့ ပစ်ချခဲ့ကြောင်း ခမရ ၄၀၈ တပ်တွင်း သတင်းရင်းမြစ်များထံက သိရသည်။
အဆိုပါပစ်ခတ်မှုဖြစ်စဉ်တွင် M-4 တစ်လက်၊ ပစ္စတို တစ်လက်၊ ဝမ်ချက်စတာရိုင်ဖယ် တစ်လက်၊ ၄၀-မမ လက်လုပ်သေနတ် တစ်လက်၊ ကျည်အိမ် နှစ် ခု၊ ကျည်မျိုးစုံ ၂၅ တောင့် ကိုသိမ်းဆည်းရမိကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းများတွင် ဖော်ပြထားပြီ မြေပြင်တွင် ဆုံးရှုံးခဲ့ရသည့် ဆုံးရှုံးမှုတန်ဖိုးမှာ ယခုထက်ပိုများကြောင်း သိရသည်။
“ကျွန်တော် ရဲဘော်တွေရဲ့ အလောင်းကို အခုထိမကောက်နိုင်သေးဘူး။ ၃ ရက်ရှိသွားပြီ။ အလောင်းဘေး ပတ်ပတ်လည်မှာ ကင်းပုန်းဝပ်နေတဲ့ စစ်သားတွေ အများကြီးရှိတယ်။ အလောင်း ဝင်ကောက်တာနဲ့ ပစ်ဖို့စောင့်နေကြတာ။ ဆုံးရှုံးသွားတဲ့ ပစ္စည်းတွေထက် ရဲဘော်တွေရဲ့ အသက်ကပိုပြီးတန်ဖိုးကြီးတယ်။ ဒီကောင်တွေ(စစ်ကောင်စီတပ်) ဒီထက်ကြီးတဲ့ ပေးဆပ်မှုတွေပြန်ပေးဆပ်စေရရမယ်။ ကျွန်တော့် ရဲဘော်တွေရဲ့ အကြွေးကို ဒီကောင်တွေဆီက ပြန်ယူမယ်” ဟု တာဝန်ခံဗိုလ်ယက္ခ က ဧရာဝတီတိုင်းမ် ကိုပြောသည်။
ကလိန်အောင်မြို့အခြေစိုက် Spring Dhamma PDF ရဲဘော်များ ရှိသည့်နေရာကို သတင်းပေးသည့် စစ်ကောင်စီ သတင်းပေးအား စုံစမ်းသိရှိထားပြီးဖြစ်ပြီး ပြင်းထန်စွာ အရေးယူသွားမည် ဖြစ်ကြောင်းသိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်းကလည်း ရေဖြူမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေး တပ်စခန်း သုံးခုကို စစ်ကောင်စီတပ်၏ ၃ ရက်အတွင်း စီးနင်းသိမ်းပိုက်ခြင်းခံခဲ့ရသည်။
ပုံစာ- စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းများတွင် ဖော်ပြထားသည့် လက်နက်ခဲယမ်း နှင့် ဆက်စပ်ပစ္စည်းများ
#ဒလန်သတင်းပေး #SpringDhammaပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ #စစ်ကောင်စီတပ် #ပစ်ခတ်မှုဖြစ်ပွား #PDFရဲဘော်၂ဦးကျဆုံး #Ayeyarwaddy_Times