ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂ ရက်

ဧရာ၀တီတိုင်း၊ ဒေးဒရဲမြို့တွင်၊ စက်တင်ဘာလ ၃၀ ရက်နေ့ ည ၉ နာရီအချိန်က စစ်ကောင်စီတပ်နှင့်ရဲများကိုကူညီပြီး ကင်းလှည့်ပေးနေသူတစ်ဦး နေအိမ်သို့ပြန်လာစဥ် သေနတ်နဲ့ပစ်ခံရပြီးသေဆုံးသွားကြောင်းသိရှိရသည်။

သေဆုံးသူမှာ ဒေးဒရဲမြို့၊ အမှတ် ၂ ရပ်ကွက်၊ ဘုရားလမ်းတွင်နေထိုင်သူ အသက် ၅၆ နှစ်အရွယ် ဦးကျော်စိုး ဆိုသူဖြစ်ပြီး ကင်းလှည့်ရာမှအပြန်အမှတ် ၁ ရပ်ကွက်၊ ကမ်းနားလမ်း စက်လှေဆိပ်အနီးတွင် အမည်မသိအမျိုးသား ၂ ဦးမှ သေနတ်နှင့် ၇ ချက်ပစ်ခတ်ခြင်းခံခဲ့ရကြောင်း ဒေသခံများထံမှသိရှိရသည်။

“သူက ဒေးဒရဲမြို့က စစ်ကောင်စီ ထောက်ခံပွဲတွေမှာ ဦးဆောင်နေကြ၊ ရဲနဲ့စစ်တပ်ကိုလည်း ကူညီပြီး ကင်းပတ်ပေးနေကြပဲ။ သူတစ်ယောက်ထဲအပြန်မှာ ပစ်ခံလိုက်ရတာ”ဟု ဒေးဒရဲမြို့ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

ဦးကျော်စိုး၏ ၀မ်းဗိုက်၊ လက်နှင့် ခြေထောက်တို့တွင် ကျည် ၇ ချက်ခန့် ထိမှန် ဒဏ်ရာရခဲ့ပြီး ဒေးဒရဲပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ်သေဆုံးခဲ့ကာ
သေနတ်ဖြင့် ပစ်ခတ်ခဲ့သူ နှစ်ဦး စက်လှေဖြင့် ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်းရဲတပ်ဖွဲ့မှတ်တမ်းများအရ သိရသည်။

လက်ရှိတွင် ဒေးဒရဲမြို့တွင် စစ်ကောင်စီတပ်နှင့်ရဲများက မြို့အ၀င်အထွက်နှင့် ရေကြောင်းလမ်းများတွင် စစ်ဆေမှုများပိုမိုတင်းကြပ်ထားပြီး အဆိုပါ ပစ်ခတ်မှုနှင့်ပတ်သတ်ပြီး ဖျာပုံခရိုင်အတွင်းတွင်လှုပ်ရှားနေသော တော်လှန်ရေးအင်အားစုများဘက်မှ သတင်းထုတ်ပြန်ထားခြင်းမရှိသေးကြောင်းသိရှိရသည်။


#ဒေးဒရဲမြို့ #အမျိုးသားတစ်ဦး #သေနတ်ပစ်ခံရ #စစ်ကောင်စီတပ် #Ayeyarwaddy_Times