ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ အောက်တိုဘာ ၁ ရက်)

မျက်ခမ်းစပ်နှစ်ခုကြားက အရည်တွေ ယိုစိမ့်လာတာကို မျက်ရည် ထွက်ခြင်းလို့ ခေါ်ပါတယ်။ ပုံမှန်အခြေအနေရှိနေသူဟာ မျက်ရည် အမြဲထွက်ပါတယ်။ ကောင်းကောင်း မွန်မွန် မျက်စိ‌မြင်နေရတာဟာ မျက်ရည် ရှိနေလိုပဲဖြစ်ပါတယ်။ မျက်ရည်တွေ ခမ်းသွားရင်တော့ မျက်စိ‌ခြောက်ခြင်းကို ရောဂါတစ်ခုလို ခံစားရမှာပါ။

မျက်စိယားယံတဲ့အခါ၊ ငိုက်မြည်းသန်းဝေတဲ့အခါ၊ မျက်စိအတွင်း ပြင်ပအမှုန်အမွှားတွေ ထိ‌တွေ့ဝင်ရောက်တဲ့အခါ မျက်ရည်ကျရပါတယ်။ မျက်ရည်က မျက်လုံးကို သန့်စင်‌ ပေးပါတယ်။ မျက်ခွံနဲ့ မျက်စိအကြား ချောဆီအလွှာလို အလုပ်လုပ်ပေးပါတယ်။

မျက်ကြည်လွှာရဲ့ အပြင်ဘက်မှာ မျက်ရည်အလွှာလေးက အမြဲအုပ်ပြီး ကာထားပါတယ်။ မျက်ရည်အလွှာက ပါးပါးလေးဆိုပေမယ့် အဆီအလွှာ၊ အရည်အလွှာ၊ အကျိအချွဲအလွှာ သုံးခုပေါင်းထားတာပါ။

#အဆီအလွှာ

မျက်တောင်‌မွေးပေါက်တဲ့နေရာ မျက်ခွံအနားမှာရှိတဲ့ အဆီအလွှာက မိုင်ဘုံမီယန် အဆီဂလင်း ထုတ်ပေးပါတယ်။ မျက်တောင်အတုစိုက်သူတွေဟာ အဲ့ဒီနေရာ ထိခိုက်ပျက်စီးတာ‌ကို ကြုံရတတ်ပါတယ်။

#မျက်ရည်ပြုဂလင်း(Lacrimal Glands)

အရည်အလွှာကိုဖြည့်တင်း‌ပေးနေတာက မျက်ရည်ပြုဂလင်း Lacrimal Glands ဖြစ်ပါတယ်။ သူဟာ မျက်ရည်ကို မျက်ရည်ပြွန်ကနေ သယ်ယူပြီး မျက်ရည်အိတ်ထဲမှာ သိုလောင်သိမ်းထားပေးပါတယ်။ မျက်လုံးနဲ့ မျက်ခမ်းအကြားမှာ လိုနေတဲ့ မျက်ရည်ကို လိုအပ်သလောက် စိမ့်ထုတ်ပေးပြီး အရည်ဓါတ်ကိုဖြည့်ပေးပါတယ်။ မျက်ရည်ထဲမှာ အငန်ဓာတ် ဓာတ်ဆား၊ ပိုး‌သေစေတဲ့ အာနိသင်ရှိတဲ့ ပဋိပစ္စည်းတွေသာမက လိုက်ပို ကယ်လင် လက်တိုဖာရင် လိုက်ဆိုဇိုင်း တွေလည်း ပါဝင်ပါတယ်။

မျက်ရည်တွေက မျက်ရည်ချောင်းကိုဖြတ်ပြီး နောက်ဆုံးမှာ နှာခေါင်းလှိုင်ထဲ စီးဝင် အဆုံးသတ်ပါတယ်။ ဒီလိုအလုပ်လုပ်နိုင်စွမ်းတွေ မရှိတော့တဲ့အခါ မျက်စိခြောက်ခြင်းနဲ့ မျက်ရည်လျှံခြင်းတွေ ကို ခံစားရမှာပါ။

#အကျိအချွဲထုတ်ဂလင်း

အကျိအချွဲထုတ်ဂလင်းကတော့ အကျိအချွဲအလွှာကို ဖြည့်ပေးပါတယ်။ အညစ်အကြေး တွေကိုဖယ်ရှားဖို့အတွက် မျက်သားမျက်ဝတ်အဖြစ်တာဝန်ယူပြီး မျက်စိကို ကာကွယ်ပေးပါတယ်။

#ငိုကြွေးခြင်းနှင့်စိတ်သောက

မျက်ရည်အများကြီး ထွက်ကျလာတာကို ကိုယ်တိုင် ကြုံ‌တွေ့ခံစားဖူးမှာပါ။ စိတ်ခံစားမှု အခြေအနေကို တုံ့ပြန်ဖို့အတွက် မျက်ရည်ထွက်ကျတတ်ပါတယ်။ ဝမ်းနည်းခြင်း၊ ကြောက်ရွံ့ခြင်း၊ ပျော်ရွှင်ခြင်း၊ ကြည်နူးခြင်းစတဲ့ အခြေအနေတွေမှာ မျက်ရည်က အလိုလိုထွက်လာတတ်ကြပါတယ်။ စိတ်ခံစားမှုပြင်းထန်တဲ့အခါမျက်ရည်ကျအောင် ငိုကြွေး လိုက်ပါက ဖိစီးမှုသောကတွေကို တော်တော်လေးလျော့နည်းသွားတတ်ပါတယ်။

မငိုဘဲ ထိန်းထားတာက သန်မာတယ်လို့ထင်ရပေမယ့် တစ်ခါတလေမှာကျွန်တော်တို့ရဲ့ တို့ရဲ့စိတ်ခန္ဓာကိုယ်ကို လွှတ်ချထားဖို့လိုအပ်ပါတယ်။ ငိုကြွေးတဲ့အခါ စိတ်ထဲမှာ တင်းထားရတဲ့ ဖိအားတွေ၊ ရှင်းမပြနိုင်တဲ့စိတ်ရှုပ်ထွေးမှုတွေ၊ တေးမှတ်ထားရတဲ့ နာကျဉ်းစိတ်တွေ၊ စိုးရိမ်နေရတဲ့ ကြောက်လန့်မှုတွေ အကုန်လုံး ပြိုကျသွားပါတယ်။ ငိုကြွေးပြီးတဲ့အခါမှာလည်း လူကပင်ပန်းမှုတွေကနေ သက်သာသွားသလို ခံစားရပါ တယ်။

ငိုတာဟာ ပျော့ညံ့တဲ့ အလုပ်မဟုတ်ပါဘူ။ ငိုပြီးတဲ့အခါတိုင်း အားပြန်တင်းပြီး ရှေ့ဆက်ကြရပါမယ်။ စိတ်တွေ ပိုပြီး အားအင်ရှိအောင် ကြိုးစားရမှာဖြစ်ပါတယ်။ လူညံ့တွေသာ ငိုတယ် ဆိုပြီး အပြစ်တင်နေကြတဲ့ လူမှုအသိုင်းအဝိုင်းကို စွန့်ပစ်ခဲ့ပါ။ ပေါ့ပါးစွာ တစ်ရက်ချင်းရှင်သန်ဖို့ ငိုလို့ရပါတယ်။ ကျွန်‌တော်ကတော့ ငိုတဲ့သူတွေကို အထင်မသေးသလို ငိုရဖို့ ကြုံလာတိုင်း ငိုချလိုက်ပါ။ ကျွန်တော့် မိတ်ဆွေများအားလုံး ငိုနေတဲ့မျက်ရည်စတွေနဲ့အတူ အားတင်းပြီး ရှေ့ဆက်နိုင်ကြပါစေ။

#မျက်စိနာရောဂါ

လတ်တလောအနေနဲ့ အခုလို စပ်ကူးမတ်ကူးကာလမှာ ရာသီအကူးအပြောင်းကြောင့် မျက်စိနီရဲပြီး မျက်စိစပ်၊ မျက်စိခြောက်ခြင်းတွေ အဖြစ်များနေတာကို တွေ့ရပါတယ်။ ကိုဗစ်-19 ရောဂါ အသွင်ကွဲတွေမှာလည်း မျက်စိနာတတ်သလိုကို တုတ်ကွေးရောဂါ တွေမှာလည်းမျက်စိနာတတ်ပါတယ်။

#မျက်စိနီရဲခြင်း(Red eyes)

မြန်မာနိုင်ငံမှာတော့ အခုလို ဆောင်းအကုန် မိုးအကူးယခုကာလမှာ မျက်စိနာခြင်းနဲ့ မျက်စိနီရဲခြင်းတွေကို အများကြီးခံစားနေကြရပါတယ်။ အဖြူရောင်မျက်လုံး အပိုင်းမှာရှိတဲ့ သွေးကြောလေးတွေ ဖောင်းလာတဲ့အခါမှာ မျက်စိနီရဲလာပြီး ပိုဆိုးလာရင် သွေးကြောလေးတွေ ပေါက်ထွက်သွားတတ်ပါတယ်။ ရောဂါလက္ခဏာတွေက သိပ်မပြင်းထန်ပေမယ့် အမြင်အာရုံဆုံးရှုံးတဲ့အထိနောက်ဆက်တွဲတွေ ဖြစ်တတ်တာ ကြောင့် အလေးထားပြီးကုရပါမယ်။ မျက်စိခြောက်သွေ့ပြီး မျက်စိစပ်ခြင်းတွေပါ အတူတူဖြစ်တတ်ပါတယ်။

#မျက်စိခြောက်ခြင်း (Dry eyes)

ဟော်မုန်းအပြောင်းအလဲ မျက်ရည်ခမ်းစေတဲ့ဆေးဝါးများ မျက်လုံးအသုံးပြုချိန်များ သူများ မျက်ကပ်မှန်အသုံးပြုသူများ မျက်စိခြောက်ခြင်းကိုခံစားရတတ်ပါတယ်။ ဆောင်းရာသီစတင်ပါတော့မယ်။ ခြောက်သွေ့တဲ့ ရာသီဥတုကြောင့်လည်း မျက်စိ ခြောက်ခြင်း ဖြစ်တတ်ပါတယ်။ မျက်ရည်နည်းသွားတာကြောင့် မျက်စိအစိုဓာတ် ဖြည့်ပေးဖို့ လိုအပ်ပါတယ်။ မျက်ရည်တုမျက်စဥ်းဆေးရည်ကို သုံးပေးဖို့လိုအပ်ပါတယ်။

#မျက်စိစပ်ခြင်း

နာကျင်ပြီး စပ်ဖျင်းဖျင်းဖြစ်စေတဲ့ မျက်စိစပ်ခြင်းက နေရထိုင်ရ ခက်ခဲစေပါတယ်။ မျက်လုံးကို ပြင်းပြင်းထန်ထန်ပွတ်သပ်ခြင်း၊ မျက်စိအတွင်း အမှုန်အမွှားဝင်ခြင်း၊ ရေကူးမျက်မှန်မပါဘဲ‌ ကလိုရင်းခပ်‌ထားတဲ့ ကန်မှာရေကူးခြင်း၊ လေထုညစ်ညမ်းခြင်း ဒဏ်ခံရခြင်း၊ မျက်စိနဲ့နေရောင်ထိတွေ့မှုများခြင်း၊ အလင်းမျက်နှာပြင်ရှိတဲ့ဖုန်းနဲ့ ကွန်ပြူတာသုံးချိန်များတာတွေကြောင့် မျက်စိစပ်တတ်ပါတယ်။ မျက်စိစပ်တဲ့အခါ မျက်လုံးကိုအနားပေးပါ။ မျက်စိကို အေးအေးမြမြ ဖြစ်အောင်ထားပေးပါ။

#ကူးစက်မြန်မျက်စိနာရောဂါ (Adenovial Conjunctivitis)

လူကြီး၊ လူငယ်၊ ကျားမ မရွေး ကူးစက်ခံရနိုင်ပါတယ်။ ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံမှာ လည်း တွေ့ရများနေပါတယ်။ ပါကစ္စတန်မှာလည်း မျက်စိနာရောဂါ ပျံ့နှံ့ဖြစ်ပွားနေတာကို သတင်းတွေထဲမှာ ဖတ်ရပါတယ်။

မျက်စိရုတ်တရက် နီရဲလာပြီး မျက်ရည်ပူကျမယ်၊ မျက်သားမျက် ဝတ်တွေ ထွက်ပါမယ်။ မျက်ခွံဖောင်းလာပါမယ်။ အမှုန်အမွှား မျက်စိထဲခိုဝင်နေသလို ခံစားရပါမယ်။ နေရောင်ခြည်၊ ဖုန်း၊ ကွန်ပြူတာ ကြည့်ရခက်ပါမယ်။ အလင်းရောင်ဒဏ် ခံရခက် နေပါမယ်။ မျက်စိတစ်ဖက်ကနေ နောက်တစ်ဖက်ပါ ကူးစက်ဖြစ်ပွားပါမယ်။ မျက်လုံး သွေးကြောတွေဖောင်းပြီးရဲနေရာမှ သွေးကြောပေါက်ပြီး မျက်လုံးမှာသွေးကွက်တွေလို အနီအကွက်တွေ ဖြစ်လာနိုင်ပါတယ်။ ဘက်တီးရီးယားပိုးဝင်ပြီး မျက်စိကိုက်ခဲ မျက်စိစပ်တာတွေပါ ဖြစ်လာတတ်ပါတယ်။

မျက်လုံးကို ကိုင်တွယ်မယ်ဆိုတိုင်း လက်ကိုစနစ်တကျဆေးကြောပါ။ မျက်ဝတ် မျက်သား(မျက်ချေး)တွေကို စနစ်တကျ သန့်ရှင်းပေးပါ။ ကိုင်တွယ်ဖယ်ရှားပြီးတိုင်း လက်ပြန်ဆေးပါ။

မျက်ခွံအပေါ်က ရေခဲဝတ် တင်ပေးပါ။ ရေခဲကို အတွင်းမှာထားကာ သန့်ရှင်းတဲ့ အဝတ်နဲ့ ပတ်ပြီး ရေခဲဝတ်လုပ်နိုင်ပါတယ်။ မျက်ခွံကို အုပ်တဲ့ ရေခဲ Jelly ထုတ်တွေကို ဆေးဆိုင်တွေမှာ ဝယ်ယူရနိုင်ပါတယ်။

-မျက်ရည် ခမ်းခြောက်တာအတွက် မျက်ရည်တုမျက်စဉ်းတွေကို မကြာခဏ ခပ်ပေးပါ။
-အပြင်မထွက်ဘဲ အိမ်မှာအနားယူပါ။
-မသက်သာပါက မျက်စိအထူးကု ဆရာဝန်နဲ့‌ပြသဆွေးနွေးပါ။

ဧရာဝတီတိုင်းမ်းစာဖတ်ပရိသတ်များလည်း ကျန်းမာ ရွှင်လန်းကြပါစေ။ စိတ်ကျန်းမာပြီး မျက်စိရောဂါများလည်း ကင်းဝေးကြပါစေ‌ကြောင်း ဆုတောင်းပါတယ်။ နောက်တစ်ပတ်မှာတော့ ဆေးဆိုင်တွေမှာ အလွယ်တကူ ဝယ်သောက်ဖြစ်တဲ့ စပ်ဆေး တွေ အကြောင်းကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #ငိုနေတဲ့မျက်ရည်စက်တွေအကြောင်း #သိမှတ်စရာ မျက်စိနာရောဂါ #ဆောင်းပါး #Ayeyarwaddy_Times

(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။