
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့ဆေးရုံတွင် စက်တင်ဘာလ နောက်ဆုံးပတ်အတွင်း စတိုတွင်သိမ်းဆည်းထားသော မြွေဆိပ်ဖြေဆေး အလုံးရေ
၁၅၀၀ နီးပါးကို ပြင်ပ ဆေးဆိုင်များသို့
ထုတ်ယူရောင်းချခဲ့မှုနှင့်ပတ်သတ်ပြီး
အောက်ခြေ၀န်ထမ်းအမျိုးသမီးတစ်ဦးကို ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှသိရှိရသည်။
ပုသိမ်ဆေးရုံကြီး ဆေးသိုလှောင်ရုံမှ စတိုသော့ကိုင် ၀န်ထမ်းဖြစ်သူ မချစ်မြတ်နိုးထွဋ် ဆိုသူကို မြွေဆိပ်ဖြေဆေးများကို လတ်မှတ်အတုနှင့်ထုတ်ယူကာ ပြင်ပသို့ ရောင်းချပြီး ရရှိငွေ သိန်း ၈၀၀ ကျော်နှင့်အလွှဲသုံးစားပြုလုပ်သည်ဟုဆိုကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
” မြွေဆိပ်ဖြေဆေးတွေကို လတ်မှတ်အတုနဲ့ ထုတ်ယူနေတာ၊ ဆေးစတိုသော့ကလဲ သူပဲကိုင်ထားတာ။ လောလောဆယ်စာရင်းအရ ဆေး ၁၄၄၈ လုံး အပြင်ကို ရောင်းပြီး ရောင်းရငွေ ၈၆၈၈၀၀၀၀ ရရှိထားတယ်လို့ သိရပါတယ်။ ကျန်တာတော့စစ်ဆေးနေတုန်းပါ”ဟု မြို့နယ်ရဲတပ်ဖွဲ့ နှင့် နီးစပ်သူတစ်ဦးမှ ဧရာ၀တီတိုင်းမ် ကိုပြောသည်။
လက်ရှိ ပြင်ပသို့ ရောင်းချ ခဲ့သော မြွေဆိပ်ဖြေဆေးများသည် စစ်တပ်အာဏာသိမ်းပြီး ဆေးရုံပြန်လည်ဖွင့်လှစ်ခဲ့သော၂၀၂၁ ခုနှစ်မှစတင် ထုတ်ယူရောင်းချနေခဲ့ခြင်းဖြစ်ပြီး ဆေးရုံတာ၀န်ရှိသူများလည်းပတ်သတ်မှုရှိနိုင်ကြောင်း ကျန်းမာရေး CDM ၀န်ထမ်းတစ်ဦးက ပြောသည်။
” ဆေးတွေကို သာမာန်၀န်ထမ်းတစ်ယောက်ကအပြင်ကို ရောင်းဖို့နဲ့ ထုတ်ဖို့ဆိုတာ လတ်မှတ်အတု နဲ့ ယူတယ်ဆိုတာမဖြစ်နိုင်ဘူး။ ဆေးရုံရဲ့ ဆေးသုံးစွဲမှုမှတ်တမ်းမှာ တနေ့ကိုမြွေဆိပ်ဖြေဆေး ဘယ်လောက်သုံးတယ်ဆိုတာ ထည့်ရသေးတယ် လေ၊ ဒီ၀န်ထမ်းကတော့ထိုးကျွေးခံရတယ်လို့ ထင်တယ်”ဟု ၎င်းကဆိုသည်။
လက်ရှိတွင် ဆေးများကို အလွဲသုံးစားပြုလုပ်သော ၀န်ထမ်းအမျိုးသမီးကို ပုသိမ်နယ်မြေစခန်းတွင်ဖမ်းဆီးစစ်ဆေးနေပြီး သူမရောင်းချခဲ့သော ပုသိမ်မြို့အပါအ၀င်တစ်ခြားမြို့နယ်များမှ ဆေးဆိုင်များကိုလည်းခေါ်ယူ စစ်ဆေးနေကြောင်း သိရှိရသည်။
#ပုသိမ်မြို့နယ် #ပြည်သူ့ဆေးရုံ #မြွေဆိပ်ဖြေဆေး #စစ်ကောင်စီတပ် #Ayeyarwaddy_Times