ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁ ရက်

ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့နယ်၊ ကုန်းပြင်ကျေးရွာတွင် ကျေးရွာရန်ပုံငွေ အကြောင်းပြ၍ ဘောလုံးပြိုင်ပွဲကျင်းပစေကာ မြန်မာဘီယာများကို အတင်းအကျပ်ဆိုင်ခန်းဖွင့် ရောင်းချခိုင်းပြီး တစ်ဆိုင်လျှင် ငွေကျပ်ငါးသိန်း ပေးဆောင်နေကြောင်း ဒေသခံများထံကသိရသည်။

ငါးသိုင်းချောင်းမြို့နယ် ကုန်းပြင်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကုန်းပြင်နယ်မြေရဲကင်းစခန်းမှူးတို့မှ ကျေးရွာရန်ပုံငွေအကြောင်းပြ၍ ပြီးခဲ့သည့်စက်တင်ဘာလ၂၃ရက်မှ စ​က်တင်ဘာလ ၃၀ရက်နေ့အထိ တစ်ပတ်ကြာ ဘောလုံးပွဲကျင်းပ​စေကာ ကျေးရွာသားများကို ဆိုင်ခန်းဖွင့်လှစ်စေပြီး စစ်ကောင်စီထုတ်မြန်မာဘီယာများကို အတင်းအကျပ်ရောင်းချခိုင်းခဲ့ကြောင်း ကျေးရွာဒေသခံများက ပြောသည်။

” ကျေးရွာရန်ပုံငွေပွဲဆိုပြီးတော့ဘောလုံးပွဲလုပ်တာ။ ရွာကအုပ်ချုပ်ရေးမှူးနဲ့နယ်မြေစခန်းမှူးက အချိန်တစ်ပတ်အတင်းလုပ်ခိုင်းတာပေါ့။အရက်ဘီယာဆိုင်ဖွင့်ခိုင်းတယ်။မြန်မာဘီယာတွေမရောင်းမနေရ အတင်းရောင်းခိုင်းတယ်။မရောင်းတဲ့သူဆိုရင် ဒဏ်ငွေရိုက်မဲ့အထိအတင်းအကျပ်ခိုင်းနေတယ်” ဟု ကုန်းပြင်ကျေးရွာဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို​ပြောသည်။

ဘောလုံးပွဲကျင်းပနေစဥ်အတွင်း ဆိုင်ခန်းဖွင့်ခအတွက် တစ်ဆိုင်လျှင် ငွေကျပ်ငါးသိန်း မဖြစ်မနေပေးဆောင်ခိုင်းကာ မပေးအပ်နိုင်ပါက ငွေကျပ် သုံးသိန်း ဒဏ်ရိုက်ကြောင်း ကျေးရွာဒေသခံများထံက သိရသည်။

” ဘောလုံးပွဲအကြောင်းပြပြီးတော့ ဆိုင်ခန်းငှားခ တစ်ဆိုင်ကို ငါးသိန်းအတင်းတောင်းတယ်။စျေးလည်းသေချာမရောင်းရဘူး။ မပေးရင်လည်းဆိုင်ခန်းဆောက်ခသုံးသိန်း ဒဏ်ရိုက်တယ်။ပေးတဲ့သူတွေလည်းပေးလိုက်ရတယ်” ဟု ဘောလုံးပွဲအတွင်း စျေးရောင်းချခဲ့သူ ကျေးရွာဒေသခံတစ်ဦးကဆိုသည်။

ငါးသိုင်းချောင်းမြို့နယ်တွင် ပြီးခဲ့သည့်စက်တင်ဘာလပထမအပတ်ကစ၍ ကျေးရွာရန်ပုံငွေအကြောင်းပြကာ စစ်ကောင်စီတပ်၊ရဲနှင့်ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့မှ ကျေးရွာအလိုက်ဘောလုံးပွဲကျင်းပစေပြီး မြို့နယ်ထွေအုပ်ရုံးထံ ငွေကျပ်သိန်း ၁၀၀ ထက်မနည်း ရှာဖွေပေးနေရကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် နီးစပ်သည့် ရဲသတင်းရင်းမြစ်ထံက သိရှိရ
သည်။

#ကျေးရွာရန်ပုံငွေ #ဘောလုံးပွဲ #ကျင်းပပြီး #ဆိုင်ခန်းဖွင့်ကာ #မြန်မာဘီယာရောင်းခိုင်း
#Ayeyarwaddy_Times