ဧရာဝတီတိုင်းမ်
(ညောင်လေးပင်)၊ အောက်တိုဘာလ ၁ ရက်

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာတွင် ပြီးခဲ့သည့် စက်တင်ဘာလ ၂၈ ရက်နေ့က စစ်ကောင်စီစစ်ကြောင်းနှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲ ပြင်းထန်စွာ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ပုဇွန်မြောင်းကျေးရွာအတွင်းသို့ နံနက် ၄ နာရီဝန်းကျင်မှ စတင်၍ စစ်ကြောင်းထိုးလာပြီး နေ့လယ် ၂ နာရီဝန်းကျင်အထိ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ရာ နှစ်ဖက် တိုက်ပွဲအတွင်း တပ်သား ၄၀ ကျော်အထိ သေဆုံးကာ သေဆုံးသူ အများစုမှာ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များဖြစ်ကြောင်း သိရသည်။

“ရန်သူ(စစ်ကောင်စီတပ်)က စစ်ကြောင်းထိုးလာတာ။ စစ်ကြောင်းထိုးလာပြီး တော့ ထိတွေ့မှုဖြစ်တာ။ ကျွန်တော်တို့ဘက်က ထိခိုက်မှုမရှိပါဘူး။ အနည်းငယ်ထိခိုက်မှုပဲ ရှိခဲ့တယ်။ ရန်သူကတော့ လေးဆယ် လောက်သေဆုံးရှိတယ်။ ထူးခြားတာက သေဆုံး ဒဏ်ရာရတွေထဲမှာ ရဲနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေများတယ်။ မြေပြင်က သတင်းပို့မှုအရ ရှေ့ကနေ ပြန်လှည့်ပြေးတဲ့ရဲ့နဲ့မီးသတ်တွေကို စစ်ကောင်စီတပ်သားတွေက RPG(အာပီဂျီ) နဲ့ကို လှမ်းထုတယ်ကြားတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိတွေ့တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့များဘက်မှ တပ်ဖွဲ့ဝင် ၃ ဦးဒဏ်ရာရခဲ့ပြီး ယခုအခါ စစ်ကောင်စီတပ်သည် ပုဇွန်မြောင်းကျေးရွာအတွင်းတပ်စွဲထားကြောင်း သိရသည်။

ပုဇွန်မြောင်းကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီ၏ ခမရ-၂၀ တပ်ရင်းမှာ ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်နေ့ကပုဇွန်မြောင်းရွာသား သုံးဦးကို အကြောင်းမဲ့ ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးထားသည့်အထဲမှ ဦးမင်းမင်းနှင့် ဦးကြီး ဆိုသူနှစ်ဦးကိုသတ်ဖြတ်ခဲ့ပြီး ကျန်တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံးထံက သိရသည်။

စစ်ကောင်စီသည် ရှေ့တန်းတွင် တပ်သားများနှင့်အတူ ပြည်သူ့စစ်၊ ပျူစောထီး၊ ရဲ တပ်ဖွဲ့ဝင်တို့ကို အသုံးပြုနေပြီး ယခုအခါမီးသတ်တပ်ဖွဲ့ဝင်များကို အသုံးပြုလာခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၃ ရက်နေ့က မင်းလှ၊ ဘီးချောင်းကုန်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ရဲနှင့်ပြည်သူ့စစ်များကို အသုံးပြုခဲ့ပြီး တပ်ဖွဲ့ဝင် ၁၆ ဦးသေဆုံးခဲ့သည်။

ဓာတ်ပုံ – အင်တာနက်၊ မီးသတ်တပ်ဖွဲ့ဝင်အချို့ကိုတွေ့ရစဉ်(ပုံအဟောင်းဖြစ်ပါသည်။)
#ညောင်လေးပင် #ပုဇွန်မြောင်းတိုက်ပွဲ #စစ်ကောင်စီတပ် #ရဲနှင့်မီးသတ်တပ်ဖွဲ့ဝင် သေဆုံး #PDF #KNLA #Ayeyarwaddy_Times