
ဧရာဝတီတိုင်းမ်
(ဖလမ်း)၊ အောက်တိုဘာလ ၁ ရက်
ဖလမ်းမြို့နယ်၊ စစ်ကောင်စီတပ်၏ ထင်းရှူးတပ်စခန်းမှ အသက် ၁၇ နှစ်ရှိ စစ်ကောင်စီတပ်သားပြည့်ဖြိုးအောင်သည် ပြီးခဲ့သည့် စက်တင်ဘာလ ၂၆ ရက်နေ့တွင် ကျည်၊ လက်ပစ်ဗုံး၊ ခဲယမ်းတချို့နှင့် အတူ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF ) ထံ အလင်းဝင်ရောက်လာခဲ့ကြောင်း သိရသည်။
အသက်မပြည့်သေးသည့် စစ်ကောင်စီတပ်သား ပြည့်ဖြိုးအောင်သည် စစ်ကောင်စီတပ် ၏ ထင်းရှုးစခန်းမှနေ၍ CDM ပြုလုပ်ခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးကို ဆက်သွယ် ခဲ့ပြီး ထိုမှတဆင့် ထင်းရှူးစခန်းအနီးရှိ ချင်းအမျိုးသားကာကွယ်ရေးတပ်ရင်းနှင့် ချိတ်ဆက်၍ အလင်းဝင်ရောက်လာခြင်းဖြစ်သည်။
“မင်းအောင်လှိုင် (ဗိုလ်ချုပ်မှူးကြီး)ရဲ့ အာဏာရှင်စနစ် ကျရှုံးဖို့နီးလာပြီဆိုတော့ စစ်ကောင်စီ အောက်မှာ အလုပ်ဆက်မလုပ်ဘဲနဲ့ လက်နက်ခဲယမ်းနဲ့တကွ ပြည်သူလူ ထု အတွက် အလင်းဝင်ရောက်ကြပါလို့ ပြောချင်ပါတယ်။ လက်နက်ခဲယမ်းနဲ့တကွ အလင်း ဝင်ရောက်လာမယ်ဆိုရင် ကျွန်တော်တို့ဘက်က သိန်း ၁၀၀ ဆုပေးမယ်ဆိုတာ ထုတ်ပြန် ထားတာရှိတယ်။ နောက်ပြီးတော့ သူတို့သွားချင်တဲ့နေရာ၊ လုံခြုံတဲ့နေရာအထိ ပို့ပေးတယ်” ဟု CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျုံးငိုင်း က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်မှနေ၍ ချင်းအမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ထံသို့ အလင်းဝင်ရောက်လာသူ စစ်ကောင်စီတပ်သား စုစုပေါင်း ၃၀ ကျော်ရှိပြီး အလင်းဝင်ရောက်လာသူများအနက် လက်နက်ခဲယမ်းအပြည့်အစုံဖြင့် အလင်းဝင်လာသူ ၁၅ ဦးခန့်ရှိကြောင်းသိရသည်။
ပုံစာ-CNDFထံ အလင်းဝင်လာသော တပ်သားပြည့်ဖြိုးအောင်
#ချင်းပြည်နယ် #ဖလမ်းမြို့ #ချင်းအမျိုးသားကာကွယ်ရေးတပ်CNDF #အသက်မပြည့် #စစ်ကောင်စီတပ်သား #အလင်းဝင်ရောက် #Ayeyarwaddy_Times