
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁ ရက်
ဧရာဝတီတိုင်း ပုသိမ်မြို့နယ် ငွေဆောင်မြို့နယ်ခွဲ အတွင်းမှ ကျေးရွာများတွင် နှစ်ပတ်ကြာ ပြည်သူ့စစ်သင်တန်းပေးရန် အတင်းအကျပ်လူအင်အားစုဆောင်းနေမှုကြောင့် ဒေသခံလူငယ် များ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသတင်းရရှိသည်။
ငွေဆောင်မြို့နယ်ခွဲ အတွင်းရှိ ဆင်မနှင့်ရွာသာယာကျေးရွာများသို့ ပြီးခဲ့သည့် စက်တင်ဘာလ၂၉ ရက်နေ့က စစ်ကောင်စီတပ်အင်အား၃၀ ဝန်းကျင်ဖြင့်ဝင်ရောက်ကာ ပျူစောထီး(ပြည်သူ့စစ်)သင်တန်းပေးရန်အတွက်ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များကို လူအင်အားစုဆောင်းခိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များထံက သိရှိရသည်။
” ရွာထဲကလူငယ်တွေကို ပြည်သူ့စစ်သင်တန်းတက်ဖို့အင်အားလာတောင်းတာ။ စစ်ဗိုလ်အပါအဝင်အင်အား၃၀ လောက်ရှိတယ်။ စာရင်းမပေးရင် ရွာထဲကလူငယ်တွေကို ပေါ်တာဆွဲမယ်ဆိုပြီးခြိမ်းခြောက်ခံရတယ်” ဟု ဆင်မကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယင်းကဲ့သို့ စစ်ကောင်စီတပ်မှ သင်တန်းပေးရန်အင်အားစုဆောင်းနေသည့်အတွက် ကျေးရွာ ဒေသခံ လူငယ်အမျိုးသားများမှာ မြို့ပေါ်ရပ်ကွက်များထံသို့ ထွက်ပြေးတိမ်းရှောင်နေရကာ ကျေးရွာအတွင်းရှိ လူငယ်များကိုစာရင်းကောက်ယူ၍ သင်တန်းတက်ခိုင်းနေကြောင်းဒေသခံများထံက သိရှိရသည်။
” ရွာထဲက လူငယ်တွေ မနေရဲလို့မြို့ထဲရှောင်တဲ့သူရှောင်နေရပြီ။ ပုသိမ်ကိုရှောင်တဲ့သူလည်းရှောင်ကြတယ်။ ရွာထဲကတွေ့တဲ့လူငယ်တွေမှန်သမျှ စာရင်းယူပြီး သင်တန်းတက်ခိုင်းနေပြီ” ဟု ရွာသာယာကျေးရွာ ဒေသခံလူငယ်တစ်ဦးက ဆိုသည်။
ငွေဆောင်မြို့နယ်ခွဲ အတွင်းရှိကျေးရွာများတွင် ပြီးခဲ့သည့်စက်တင်ဘာလ ပထမအပတ်ကလည်း ပျူစောထီး(ပြည်သူ့ စစ်)သင်တန်းတက်ရောက်ရန်အတွက် လူငယ်၅၀ ဦးကို ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့မှ စာရင်းကောက်ယူ၍ နှစ်ပတ် ကြာသင်တန်းတက်ခိုင်းမှုပြုလုပ်ခဲ့ကြောင်းသိရသည်။
#ငွေဆောင်မြို့ #ကျေးရွာများ #ပြည်သူ့စစ်သင်တန်း #မတက်ချင်သည့်အတွက် #လူငယ်အချို့ထွက်ပြေးတိမ်းရှောင်နေရ #Ayeyarwaddy_Times