ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁ ရက်

ရန်ကုန်တိုင်းအတွင်းရှိ စျေးနှုန်းများဖြစ်ပါသည်။

(ဧရာ၀တီတိုင်းမ်သတင်းဌာနအနေဖြင့် ရန်ကုန်မြို့အတွင်းရှိစျေးကွက်၊ ညောင်ပင်လေး ဈေးနှင့် လက်လီဈေးကွက်တို့တွင် စက်တင်ဘာ၁၆ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း ကောက်ယူထားခြင်းဖြစ်ပြီး အချိန်နှင့် အမျှဈေးနှုန်း အပြောင်းအလဲ ဖြစ်ပေါ် နိုင်ပါသည်။)

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထွေထွေကုန်ဈေးနှုန်း မြင့်တက် နေသဖြင့်ကျဆင်းစေရန်ဆောင်ရွက်နေကြောင်း မကြာခဏ ထုတ်ဖော် ပြောကြား နေသော်လည်း ပြည်တွင်းအခြေခံကုန်ဈေးနှုန်းမှာ သိသာသည့် ကျဆင်းမှုမျိုးမရှိဘဲ မြင့်တက်နေ ဆဲဖြစ်သည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဖမ်းဆီးစစ်ဆေးခံထားရသည့် စစ်ဗိုလ်ချုပ်ကြီးများနှင့် လုပ်ငန်း တချို့အပါအဝင်မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းမှ ဥက္ကဋ္ဌ ဦးဆန်းလင်းလွတ်မြောက်လာပြီး မြင်ကွင်းတွင် ပြန်လည် ထွက်ပေါ်လာခဲ့သည်။

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်၏ အမေရိကုန်ဒေါ်လာ ထုတ်ရောင်းမှုကြောင့် နိုင်ငံခြားငွေလဲဈေးနှုန်းကျဆင်းလာကာ ကျပ်ငွေပြန်မာလာပြီး ကုန်စည်ဈေးနှုန်းများ ဈေးတန့်နေသည့်သဘောရှိကာ စက်သုံးဆီဈေးနှုန်းက အမြင့်ဈေးတွင် ငြိမ်နေကြောင်း သိရသည်။

#နိုင်ငံခြားငွေလဲလှယ်ဈေးနှုန်း

ဗဟိုဘဏ်က စက်တင်ဘာလအတွင်း အမေရိကန်ဒေါ်လာ သန်းလေးရာကျော် ထုတ်ရောင်းထားသဖြင့် နိုင်ငံခြားငွေလဲ ဈေးကွက်တွင်အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၃,၀၀၀ ကျော်နီးပါးသာရှိတော့၍ ကျဆင်းလာကြောင်း ဈေးကွက်အတွင်းက စုံစမ်းသိရသည်။

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ထုတ်ပြန်ထားသော အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာမှုမရှိဟုဆိုကာ Money Changer များကို ပိတ်သိမ်းခဲ့ပြီး နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲ လှယ်ခွင့် လိုင်စင်ရုပ်သိမ်းခံရသော Money Changer ၂၀၀ နီးပါးရှိလာပြီဖြစ်သည်။

နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း အမေရိကန်ဒေါ်လာဈေးသည် စက်တင်ဘာ ၁၆ ရက်နေ့တွင် ကျပ် ၃,၄၄၀ ဝန်းကျင်ရှိရာမှ စက်တင်ဘာ ၃၀ နေ့တွင် ကျပ် ၃,၃၃၀ ဝန်းကျင်ရှိကြောင်းဈေးကွက်အတွင်းစုံစမ်းသိရသည်။

ထိုင်းဘတ်ငွေဈေး ပြန်လည်ကျဆင်းလာပြီး စက်တင်ဘာ ၁၆ ရက်နေ့တွင် ထိုင်းတစ်ဘတ် ၉၇ ကျပ်ရှိရာ စက်တင်ဘာ ၃၀ ရက်နေ့တွင် ထိုင်းတစ်ဘတ်လျှင် ၉၂ ကျပ်ဖြင့် ဈေးအနည်းငယ်ကျဆင်းလာသည်ကို တွေ့ရသည်။

“ အခုတော့က ရောင်းလို့ဝယ်လို့ရတယ်။ ဒေါ်လာရော ဘတ်ရော။ ဗဟိုဘဏ်က ချုပ်ကိုင်ထားတာဆိုတော့ သူတို့ရောင်းပေးနေသရွေ့တော့ရမှာပဲ။ MC ၉ Money Changer) တွေ အသိမ်းခံထားရတော့”ဟု နိုင်ငံခြားကုမ္ပဏီမှ ဝန်ထမ်းတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောကြားသည်။

ယင်းအပြင်တရုတ်ယွမ်ဈေးလည်း အနည်းငယ်ပြန်လည်ကျလာရာ စက်တင်ဘာ ၁၆ ရက်နေ့တွင် တစ်ယွမ် ၄၆၉ ကျပ်ရှိရာမှ စက်တင်ဘာ ၃၀ ရက်နေ့တွင် တစ်ယွမ် ၄၅၉ ကျပ်ဖြင့်အရောင်းအဝယ်ရှိကြောင်းသိရသည်။

#ပြည်တွင်းရွှေဈေးနှုန်း

ယမန်နေ့ စက်တင်ဘာ ၃၀ ရက်နေ့က Non CDM ဝန်ထမ်းများနှင့် စစ်ကောင်စီတပ်သားများကို ထောက်ပံ့ငွေလစဉ် သုံးသောင်းကျပ်ပေးမည့်သတင်း ၊ ၅၀ ကျပ်တန်နှင့် ၁၀၀ ကျပ်တန်တို့ကို ပယ်ဖျက်သည့်‌ ကောလာဟလသတင်း များထွက်ပေါခဲ့ပြီးနောက် ရွှေဈေးမှာ ရုတ်တရက်ပြန်လည် မြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

“အရင်တုန်းကလိုဖြစ်နေတဲ့အတိုင်း ဝန်ထမ်းတွေလစာတိုးရင် ကုန်စျေးနှုန်းတွေ တက်တော့မယ်ဆိုတဲ့အဖွရယ် ၊ ၅၀တန် ၁၀၀တန်တွေ ဖျက်သိမ်းမယ်ဆိုတဲ့ အဖွရယ် ပေါင်းလိုက်တာ ရွှေစျေး ဒေါ်လာစျေးတွေတော့ပွတက်(မြင့်တက်)သွားတယ်” ဟု ‌‌ငွေကြေးဈေးကွက်နားလည် သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောကြားသည်။

ယခုလ အစပိုင်းတွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၃၇ သိန်းကျော်ရှိအထိ မြင့်တက်ခဲ့သော်လည်း တဖြည်းဖြည်း ပြန်လည်ဆင်းလာပြီး စက်တင်ဘာ ၃၀ ရက်နေ့ မနက်ပိုင်းတွင် ကျပ် ၃၂ သိန်းဈေးရှိရာမှ ညနေပိုင်းတွင်း ‌နှစ်သိန်းကျော် မြင့်တက်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် စက်တင်ဘာ ၃၀ ရက်နေ့ ညနေပိုင်းတွင် အကယ်ဒမီရွှေတစ်ကျပ်သား ကျပ် ၃၄ သိန်းကျော်ထိ ဈေးပေါက်ခဲ့ပြီး ရွှေဆိုင်များက ရွှေရောင်းချခြင်းမရှိကြောင်း စုံစမ်းသိရ သည်။

မိုးရာသီကုန်ကာ ပွင့်လင်းရာသီသို့ ရောက်ရှိလာတော့မည် ဖြစ်၍ ရွှေတူးဖော်ရေး လုပ်ငန်းများ ပြန်လည်စတင်မည်ဖြစ်၍ ရွှေဈေးနှုန် ကျဆင်းနိုင်ကြောင်း သုံးသပ်သူများလင်္ညးရှိနေသည်။

အကယ်ဒမီခေါက်ရွှေ တစ်ကျပ်သားလျှင် စက်တင်ဘာ ၃၀ ရက်နေ့တွင် ၃၂ သိန်းကျော်ရှိပြီး စက်တင်ဘာ ၁၆ ရက်နေ့တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၃၅ သိန်းကျော်ရောက်ရှိခဲ့ကြောင်းဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

#ပြည်တွင်းစက်သုံးဆီဈေးနှုန်း

လက်ရှိတွင် နိုင်ငံခြားငွေဈေးနှုန်းငြိမ်နေသော်လည်း ပြည်တွင်းစက်သုံးဆီဈေးနှုန်းက အတက် အကျလှုပ်ခတ်လျက်ရှိပြီး ယခုနှစ်ပတ်အတွင်း စက်သုံးဆီတစ်လီတာလျှင် ကျပ် ၂,၀၀၀ မှ ၂,၆၇၀ ကျပ် အတွင်းရှိကြောင်း စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီထံက သိရသည်။

စက်တင်ဘာ ၃၀ ရက်နေ့တွင် ၉၂ တစ်လီတာလျှင် ကျပ် ၂,၁၈၅ ၊ ၉၅ တစ်လီတာလျှင် ၂,၂၈၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂,၆၇၀ ကျပ် နှင့် ရိုးရိုးဒီဇယ် တစ်လီတာလျှင် ၂,၅၉၅ ကျပ်ရှိကြောင်း သိရသည်။

“ ကျွန်တော်ကားက gas ရော ဆီရောသုံးရတယ်။ အခုတလော gas တန်းစီရတာ တစ်ခါစီရင် နှစ်နာရီ လောက်ကြာတယ်။ ဒီတစ်ပတ်ထဲပြန်ကြပ်နေတာ။ gas တန်းစီတာရတယ်ဆိုရင် ဆီနဲ့တလှည့်စီ မောင်းလိုက်တယ်။ နှစ်မျိုးရောသုံးမှ အဆင်ပြေတယ်။ ဆီနဲ့ဆို ခရီးဝေးလိုက်နိုင်တယ်။ gas ဆိုရင် ပြန်ချိန်နေရတယ် ” ဟု ရန်ကုန်မြို့တွင်းမောင်းနှင်သူ တက္ကစီမောင်းတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၆ ရက်နေ့ စက်သုံးဆီဈေးနှုန်းတွင် ၉၂ တစ်လီတာလျှင် ၂၄၄၀ ကျပ် ၊ ၉၅ တစ်လီတာလျှင် ၂၅၆၅ ကျပ် ၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၇၂၅ ကျပ် နှင့် ရိုးရိုးဒီဇယ် တစ်လီတာလျှင် ၂၆၅၀ ကျပ်ရှိကြောင်း သိရသည်။

#အခြေခံစားသောက်ကုန်ဈေးနှုန်း

အခြေခံစားသောက်ကုန် ဆန်နှင့် ဆီဈေးနှုန်းများကို စစ်ကောင်စီသတ်မှတ် နှုန်းထား အတိုင်းရောင်းချရန် တင်းကျပ်လိုက်ပြီးနောက်တွင် ဈေးကွက်အတွင်း ဆန်နှင့် ဆီ ဝယ်ယူရာတွင် လွတ်လပ်စွာဝယ်ခွင့်မရကြောင်း ရန်ကုန်မြို့ခံ အိမ်ရှင်မတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

“ဆန်ဈေးက အရင်တစ်ပတ်နဲ့သိပ်မကွာဘူး။ စစ်ကောင်စီဈေးနဲ့တော့ ဘယ်သူ့မှ မရောင်း နိုင်ပါဘူး။ ဆီကတော့ တန်းစီပြီးမှ မဝယ်ရင်မရဘူး” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ရွှေဘိုဆန်အိုးဝင်ထိပ်စတစ်အိတ်လျှင် အမြင့်ဆုံးဈေး ကျပ်တစ်သိန်းခြောက်သောင်း (၁၆၀,၀၀၀)ထိရှိပြီး စစ်ကောင်စီ သတ်မှတ်ဈေး တစ်သိန်းနှစ်သောင်း(၁၂၀,၀၀၀) ဖြင့် ဖျာပုံပေါ်ဆန်းမွှေးသာရမည်ဖြစ်ကြောင်း ဆန်လက်လီလက်ကား ရောင်းချသူ တစ်ဦးက ပြောကြားသည်။

ပြည်တွင်းစားသုံးမှုမြင့်သော ပေါ်ဆန်းအုပ်စုဝင်ဆန်အမျိုးအစားများသည် ကျပ် တစ်သိန်းကျော်မှ တစ်သိန်းနှစ်သောင်းဝန်းကျင်ရှိပြီး အနိမ့်ဆုံးဆန် တစ်အိတ်လျှင် ၈၆,၄၀၀ ကျပ်ရှိကြောင်း ၎င်းက ဆိုသည်။

ရွှေဘိုပေါ်ဆန်းမွှေး ၁၃၅,၀၀၀ ကျပ်၊ ၊ ဧရာရွှေဘိုပေါ်ဆန်းမွှေး တစ်အိတ် ၁၂၉,၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်း တစ်အိတ် ၁၀၅,၆၀၀ ကျပ်၊ ပေါ်ဆန်းတစ်အိတ် ၁၀၀,၀၀၀ ကျပ်၊ တောင်ပျံတစ်အိတ် ၁၁၀,၄၀၀ ကျပ်၊ ဆင်းသွယ် တစ်အိတ် ၈၆၄၀၀ ကျပ်ရှိကြောင်း ဆန်လက်လီလက်ကားအရောင်းဆိုင်ထံမှ သိရသည်။

ယခုတစ်ပတ်အတွင်းစားသုံးဆီဈေးနှုန်း ပြန်ကျလာကာ စစ်ကောင်စီသတ်မှတ်ဈေး စားအုန်းဆီတစ်ပိဿာလျှင် ၄ယ၃၇၅ ကျပ်ရှိပြီး ပြင်ပဈေးကွက်ပေါက်ဈေး ကျပ် ၈၅၀၀ နီးပါရှိ ပြင်ပဆီအရောင်း ဆိုင်များတွင်လွတ်လပ်စွာဝယ်ယူခွင့်မရကြောင်း ဈေးကွက် အတွင်းစုံစမ်းသိရသည်။

ဩဂုတ်လနောက်ဆုံးအပတ်မှစတင်ကာ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် များအသင်းနှင့် စားအုန်းဆီတင်သွင်းသည့်ကုမ္ပဏီ နှစ်ဆယ်ကျော် ပူးပေါင်းပြီး စစ်ကောင်စီ သတ်မှတ်ဈေးနှုန်းဖြင့် စားအုန်းဆီရောင်းချပေးရာတွင် ပြည်သူများ တန်းစီးတိုးဝယ်နေရကြောင်း၊ ယင်းဈေးနှုန်းဖြင့် ရောင်းချ နိုင်ခြင်းမရှိသော အရောင်း ဆိုင်များ စားအုန်းဆီအရောင်းရပ်ထားရကြောင်း ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက ပြောကြား သည်။

လက်ရှိနှစ်ပတ်အတွင်း စားဖိုဆောင်သီးနှံဈေးနှုန်းတချို့တည်ငြိမ်နေကာ အရောင်းအဝယ် ပုံမှန်ရှိနေပြီး ကြက်သွန်နီ တစ်ပိဿာ ၄,၀၀၀ ကျပ်ဖြင့် ပြီးခဲ့သည့်အပတ်ကထက် ငါးရာကျပ်မြင့်တက်ပြီး ကြက်သွန်ဖြူ တစ်ပိဿာ ၁၀,၀၀၀ ကျပ်၊ အာလူး တစ်ပိဿာလျှင် ၂,၅၀၀ကျပ်ရှိကာ တစ်ထောင်ကျပ်ကျဆင်းကြောင်း ညောင်ပင်လေး ဈေးကွက်မှ စုံစမ်းသိရသည်။

#ဒေါ်လာရွှေစက်သုံးဆီဈေးနှုန်း #အခြေခံစားသောက်ကုန်ဈေးနှုန်း #စျေးကွက်သတင်း #စက်တင်ဘာ၁၆မှ၃၀ #Ayeyarwaddy_Times