ဧရာဝတီတိုင်းမ်
(ရေး)၊ အောက်တိုဘာ ၁ ရက်

မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် ခမရ ၅၈၃ တပ်ရင်းမှ ဒုတိယတပ်ရင်းမှူးနှင့် ၎င်းနှင့်အတူပါလာသူ နှစ်ဦးကို ယနေ့စက်တင်ဘာလ ၃၀ ရက်နေ့ နေ့လည် ၁၁ နာရီဝန်းကျင်တွင် ရေးဘီလူးအဖွဲ့က သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီလက်အောက်ခံ ခမရ ၅၈၃ ဒုတိယတပ်ရင်းမှူးဝင်းထွန်းဦးမှာ တပ်ရင်းအတွင်းမှအပြင်ထွက်လာစဉ် စစ်တပ်ဝင်းနှင့် ကိုက် ၅၀၀ သာဝေးကွာသည့်နေရာတွင် ရေးဘီလူအဖွဲ့မှ စောင့်ကြိုပစ်ခတ်ခဲ့ရာ အဆိုပါဒုတပ်ရင်းမှူးနှင့်အတူ ကားပေါ်ပါလာသူနှစ်ဦး သေဆုံးခဲ့ကြောင်းသိရသည်။

“ခမရ ၅၈၃ ကနေ ကံလှကျေးရွာကိုအလာမှာ ကျွန်တော်တို့စောင့်ပစ်တယ်ပေါ့။ သူနဲ့အတူတူကားပေါ်မှာလာတဲ့ နှစ်ယောက်ကိုလည်း ဝေခွဲမရတော့ သူတို့ကိုပါ တစ်ခါထဲပစ်ခတ်ခဲ့ရတယ်။ ကျွန်တော်တို့ ထုတ်ပြန်ချက်ထုတ်ထားတဲ့အပေါ်မှာ တစ်ပူးတစ်တွဲတည်း ရှိနေပြီး ဘယ်လိုမှရှောင်လွှဲလို့မရလို့ ပစ်ခတ်ခဲ့ရပါတယ် ” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရေးဘီးလူးအဖွဲ့မှ ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီ တပ်သား၊ ရဲ၊ ဝန်ထမ်း၊ သတင်းပေးတို့ကို ၄၈ နာရီအတွင်းနှုတ်ထွက်ရန် စက်တင်ဘာလ ၂၈ ရက်နေ့က သတိပေးပြီးနောက်ပိုင်း ယခုကဲ့သို ပစ်ခတ်ခြင်းဖြစ်ကြောင်းလည်း ရေးဘီလူးထံကသိရသည်။

ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် ကံလှကျေးရွာသည် စစ်ကောင်စီ ခမရ ၅၈၃ နှင့် ခမရ ၅၉၁ တပ်းရင်းတို့နှင့် နီးကပ်စွာတည်ရှိနေသည့်အတွက် လက်နက်နှင့် စစ်အသုံးအဆောင် ပစ္စည်းများကို သိမ်းဆည်းနိုင်ခဲ့ခြင်းမရှိပဲ လုံခြုံစွာပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရသည်။

ရေးမြို့နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာလ ၂၆ ရက်နေ့ကလည်း ရေးမြို့လယ်ခေါင်ရှိ စစ်ကောင်စီလက်အောက်ခံ မြဝတီဘဏ်တွင် လုံခြုံရေးယူနေသည့် စကခ(၁၉) လက်အောက်ခံ တပ်သားများကို ဝင်ရောက်ပစ်ခတ်ရာ ငါးဦးသေဆုံးခဲ့ကြောင်း ရေးဘီလူးအဖွဲ့ထံက သိရသည်။

ဓာတ်ပုံ – ရေးဘီလူးအဖွဲ့သားများ။

#ရေး #ခမရ၅၈၃ #ဒုတပ်ရင်းမှူး #သတ်ခံရ #ရေးဘီလူး #Ayeyarwaddy_Times