ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၃၀ ရက်

ဧရာဝတီတိုင်း ဓနုဖြူမြို့အနီးကျေးရွာများတွင် ပျူစောထီး(ပြည်သူ့စစ်) ဖွဲ့စည်းရန်အတွက် ပြီးခဲ့သည့် စက်တင်ဘာ ၂၀ရက်နေ့ကစ၍ လူငယ်ဦးရေ ၁၀၀ ဝန်းကျင်ကို ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များမှ လိုက်လံစည်းရုံးနေကြောင်း ဒေသခံများထံက သိရသည်။

ဓနုဖြူမြို့အနီး ပြင်ကသာ ၊ရွာလေး ၊စက်တုနှင့် အုန်းပင်စု ကျေးရွာများရှိ လူငယ်များကို ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့မှ စည်းရုံးမှုလုပ်ဆောင်လာကြောင်း ကျေးရွာဒေသခံများထံက သိရှိရသည်။

” ပျူစောထီးသင်တန်းတက်ဖို့ ရွာထဲကလူငယ်တွေ မှန်သမျှ စာရင်းပေးခိုင်းတယ်။ တစ်ရွာကိုအယောက် ၄၀ တောင်းနေတာ။ ပြင်ကသာ၊ရွာလေးဘက်ဆို အယောက် ၅၀ အတောင်းခံရတယ်။ မပေးရင်လည်း ပေါ်တာဆွဲဖို့ပါရှိတယ်။ ရွာထဲကတော့ ပေးလိုက်ရပြီ” ဟု ရွာလေးကျေးရွာ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယင်းကဲ့သို့ ပျူစောထီး(ပြည်သူ့စစ်)ဖွဲ့ရန် အင်အားစုဆောင်းနိုင်ရေးအတွက် မြို့နယ်ထွေအုပ်နှင့် စစ်မှုထောင်းဟောင်း အဖွဲ့မှ စက်တင်ဘာ လ၁၉ရက်နေ့က မြို့နယ်ထွေအုပ်ရုံးတွင် အစည်းအဝေးခေါ်ယူခဲ့ခြင်း ဖြစ်ပြီး တပ်အင်အားဖြည့်တင်းရန်အတွက် စည်းရုံးမှု လုပ်ဆောင်ခြင်း ဖြစ်ကြောင်းလည်း ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့ထံက သိရသည်။

” ရွာထဲမှာ လုံခြုံရေးအင်အားထားဖို့ဆိုတာထက် တပ်အင်အားဖြည့်ဖို့ ထွေအုပ်ရုံးမှာ အစည်းအဝေးခေါ်တာ။ စစ်မှုထမ်းဟောင်းအဖွဲ့ကို အင်အားတောင်းတာပေါ့။အဲဒါကိုပြည်သူ့စစ်သင်တန်း ဖွင့်ပြီးအင်အားစုမယ့်ပုံစံနဲ့ ရွာတိုင်းက လူငယ်တွေကို လိုက်စည်းရုံးနေတာ” ဟု ပြင်ကသာ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူ တစ်ဦးကဆိုသည်။

ဓနုဖြူမြို့နယ်တွင် ပြီးခဲ့သည့်စက်တင်ဘာလပထမအပတ်ကစ၍ မြို့တွင်းရပ်ကွက်များတွင် ပျူစောထီး(ပြည်သူ့စစ်)အဖွဲ့ ဖွဲ့စည်းရန်အတွက် ခမရ ၁၀၈ နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ လူငယ် အမျိုးသား ၅၀ ဦး ထက်မနည်းကို သင်တန်းတက်ရောက်ခိုင်းမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

#ဓနုဖြူမြို့ #ကျေးရွာများ #ပျူစောထီး(ပြည်သူ့စစ်) #ဖွဲ့စည်းရန် #လူငယ်၁၀၀ဝန်းကျင် #ရပ်ကျေးအုပ်ချုပ်ရေး #စည်းရုံးနေ #Ayeyarwaddy_Times