ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၃၀ ရက်
နိုင်ငံတော်အတွင်းရှိ နိုင်ငံတာဝန်ထမ်းဆောင်သော Non CDM ဝန်ထမ်းများအပါအဝင် စစ်ကောင်စီ တပ်သားများကို စားဝတ်နေရေး သက်သာချောင်ချိရေးအတွက်ဟုဆိုကာ တစ်ဦးလျှင် လစဉ်အပိုထောက်ပံ့ကြေး သုံးသောင်းကျပ်ပေးမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနထံမှ သိရသည်။
ယမန်နေ့က ကျင်းပသော ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံဝန်ထမ်းများကို ထောက်ပံ့ပေးကြေးပေးမည်ဟု စည်းရုံးရေးစကား ပြောကြားပြီးနောက် ယနေ့ (စနေနေ့) ရုံးပိတ်ရက်တွင် ယင်းကဲ့သို့ သတင်းထုတ်ပြန်ခြင်းဖြစ်သည်။
“သူတို့ပေးတာယူရမှာပေါ့။ သူပေးတဲ့ သုံးသောင်းလည်း ဘာမှမရဘူး။ ပြည်သူလူထုကိုတော့ အားနာပါတယ်။ ဝန်ထမ်းတွေလည်း ကိုယ်စရိတ်နဲ့ကိုယ် ခရီးသွားလာနေရတာ သူတို့ပေးတဲ့လစာမလောက်ပါဘူး” ဟု နေပြည်တော်မှ Non CDM ဝန်ထမ်းတစ်ဦးက ပြောကြားသည်။
ထို့ပြင် အစိုးရဌာနများနှင့် အဖွဲ့အစည်းများရှိ နေ့စားအလုပ်သမားများ၏ လုပ်ခ အခြေခံလုပ်ခလစာ သတ်မှတ်ချက်အရ တစ်နေ့ ၈ နာရီအတွက် ၄၈၀၀ ကျပ်သတ်မှတ်ထားရာတွင် တစ်ထောင်ကျပ်တိုးကာ ၅၈၀၀ ကျပ်အဖြစ် ခံစားခွင့်ပြုမည်ဟု စစ်ကောင်စီက ကြေညာခဲ့သော်လည်း ပုဂ္ဂလိက အလုပ်သမားများ၏ အခြေခံ လုပ်ခလစာ တိုးမြှင့်ပေးရေးအတွက် ကြေညာချက်တွင် ပါရှိခြင်းကို မတွေ့ရပေ။
အဆိုပါအပိုထောက်ပံ့ကြေးကို မည်သည့်အချိန်တွင်စတင်ပေးမည်ကိုမူထည့်သွင်းကြေညာထားခြင်း မရှိသေးကြောင်း သိရသည်။
#Non CDM #ဝန်ထမ်းထောက်ပံ့ကြေး #ကျပ်သုံးသောင်း #Ayeyarwaddy_Times