ဧရာ၀တီတိုင်းမ်
စက်တင်ဘာလ ၃၀ ရက်

စစ်တပ်အာဏာသိမ်းပြီးနောက် ကုန်ဈေးနှုန်းကြီးမြင့်မှု၊ ဆေးကုသစရိတ်ကြီးမြင့်မှု များအပြင် ဆရာ၀န်မလုံလောက်မှုနှင့် ဆေးကုသရန် စရိတ်မတက်နိုင်မှု များကြောင့် အခြေခံလူတန်းစားများသည် ၎င်းတို့၏ ကျန်းမာရေးအတွက် စပ်ဆေးများကိုသာ အဓိကအားကိုးလာနေရကြောင်း သိရသည်။

ကုန်ဈေးနှုန်း အဆမတန်ကြီးမြင့်မှုအပြင် ဈေးကွက်အတွင်း ဆေးဝါးပြတ်လပ်မှုကြောင့် နိုင်ငံခြား ဆေးဝါးများအစား တရုတ်နိုင်ငံထုတ်‌ဆေးများကိုသာ အစားထိုး သုံးစွဲနေကြရကြောင်း ဆေးအရောင်းဆိုင်များထံက သိရသည်။

“အလုပ်ကလည်း မရှိဘူး။ ဈေးတွေကလည်းတက်ဆို ဖျားနာလို့ဆေးခန်းတစ်ခါ ပြရင် လက်ထဲမှာ အနည်းဆုံး နှစ်သောင်းလောက်ရှိမှရတယ်။ လမ်းထိပ်က ဆေးဆိုင်မှာ ဖျားနာတာကိုပြောပြီး ဆေးစပ်ခိုင်းရင် ဆေးတစ်ခွက်ကို ၅၀၀ ပဲ။ ဒါကြောင့် စပ်ဆေးက ပိုအဆင်ပြေတယ်။ သူကပျောက်တာ လည်းမြန်တယ်” ဟု တောင်ဒဂုံမြို့နယ်တွင်နေ ထိုင်သူ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ထိုသို့ အလွယ် တကူ ဝယ်ယူရရှိနေသည့် စပ်ဆေးများကို ဝယ်ယူ သုံးစွဲခြင်းကြောင့် နောက်ဆက်တွဲ အန္တရာယ်များကို ရင်ဆိုင်ရနိုင်ပြီး မြန်မာနိုင်ငံတွင် ဆေးဝါး ဥပဒေရှိသော်လည်း လိုက်နာကျင့်သုံးခြင်း မရှိသလို ချောင်ထိုးထားသည့် ဥပဒေတစ်ခုဖြစ်နေသည့်မှာ ကြာမြင့်နေပြီ ဖြစ်ကြောင်း စစ်တပ်၏ အာဏာသိမ်းမှု ကြောင့် နေပြည်တော် ပြည်သူ့ဆေးရုံ မှနေ၍ CDM ပြုလုပ်ခဲ့သူ ဆရာဝန် တစ်ဦးထံက သိရသည်။

“စပ်ဆေးဟာ နေရာတိုင်းမှာရတယ်။ လွယ်တယ်။ ငွေကြေးအဆင်မပြေတဲ့အခါမှာ ဆေးခန်းပြဖို့ အတွက်လုံလောက်တဲ့ ငွေကြေးမရှိဘူး။ ကျန်းမာရေး စောင့်ရှောက်မှုကလည်း လွှမ်းခြုံနိုင်မှု အရမ်းနည်းသွားတဲ့ အခါမှာ စပ်ဆေးရဲ့ နောက်ဆက်တွဲ ပြဿနာကို မကြည့်တော့ဘဲ အလွယ်တကူ သောက်ကြတာပေါ့” ဟု CDM ဆရာဝန်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ထို့အပြင် ဆေးဝါးကျွမ်းကျင် ၊ သူနာပြုအကူစသည့် အထောက်အထားမရှိသည့် သင်တန်းများ တက်ရောက်၍ သင်တန်းဆင်းပါက ဆေးဆိုင်များဖွင့်လှစ်ကာ စပ်ဆေးများပေး၍ ဆေးရောင်းချသူများလည်း ရှိကြောင်း သိရသည်။

“ အခုလိုအာဏာသိမ်းလိုက်တဲ့ အချိန်မှာကျတော့ အများကြီးပေါက်ကွဲသွားတယ်။ အပြင်မှာ အလွယ်ရောင်းတယ်။ ဆေးရောင်းရရင်ပြီးရောဆိုပြီး စျေးသက်သက်သာသာနဲ့ စပ်ဆေးရောင်းတယ်။ ဆေးကိုမလိုအပ်ဘဲ သောက်ရတဲ့ နောက်ဆက်တွဲပြဿနာ၊ ဆေးတွေကို ဘာသောက်ရမယ်ဆိုတာ သေချာစနစ်တကျ မသိတဲ့ နောက်ဆက် တွဲပြဿနာတွေ ထပ်ဖြစ်လာတယ်” ဟု CDM ဆရာဝန်က ဆိုသည်။

စပ်ဆေး ရောင်းချသူများသည် တစ်ကြိမ်၊ နှစ်ကြိမ် မျှ သောက်သုံးပါက စားဝင် အိပ်ပျော်စေသည့် စတီးရွိုက်(Steroid) ဆေးများကို စပ်ဆေးများတွင် ထည့်သွင်း ပေးလေ့ ရှိကြောင်း သိရသည်။

“စတီးရွိုက်(Steroid) ဆေးက တစ်ခါ နှစ်ခါ သောက်ရင် စားဝင်အိပ်ပျော်စေတယ်။ အဲ့ဒါကိုပဲ စားကောင်းအိပ်ပျော်ဆေးလို့ သက်မှတ်ပြီး စပ်သမျှဆေးတွေထဲမှာ စတီးရွိုက် တွေထည့်ပေးလိုက်တယ်။ စတီးရွိုက်ကို နှစ်ရှည်လများသောက်ရင် စတီးရွိုက်ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးပြဿနာတွေက အများကြီးရှိတယ်။ အဲ့ဒီဆေးကို မှီခို လာရတော့မယ်။ အဲ့ဒီဆေး ရုတ်တရက် ဖြတ်လိုက်ရင် အသက်အန္တရာယ်အထိ နောက်ဆက်တွဲ ဖြစ်နိုင်တာတွေ ရှိတယ်” ဟု စပ်ဆေးများတွင် ထည့်သွင်းပေးလေ့ရှိသည့် စတီးရွိုက်နှင့်ပတ်သက်၍ CDM ဆရာဝန်က ရှင်းပြသည်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် နာတာရှည်ရောဂါများဖြစ်သည့် နှလုံး၊ သွေးတိုး၊ ဆီးချို၊ ကင်ဆာဆေး များလည်း ဈေးကွက်တွင် ပြတ်လပ်နေပြီး မူလထုတ်သည့် ဂျာမနီ၊ ဆွစ်ဇာလန် စသည့် နိုင်ငံများမှ ဆေးဝါးများ ၀င်ရောက်ခြင်းမရှိ၍ ဈေးသက်သာသည့် တရုတ်နိုင်ငံထုတ် ဆေးဝါးတွေကိုသာ အစားထိုး ရောင်းချနေရကြောင်း သိရသည်။

“စပ်ဆေး မကောင်းဘူး၊ စပ်ဆေးက အန္တရာယ်ရှိတယ် ပြောပေမယ့် ကျွန်မတို့ ရပ်ကွက် တစ်ခုလုံး စပ်ဆေးပဲ အားကိုးရနေရတာ” ဟု စပ်ဆေးများဖြင့် ကျန်းမာရေးကို စောင့်ရှောက်နေရသူ တောင်ဒဂုံရှိ အမျိုးသမီးက ဆိုသည်။

စစ်ကောင်စီကအာဏာသိမ်းပြီး ၂၀၂၂ ခုနှစ် ဇွန်လတွင် ဖြစ်ပွားခဲ့သည့် ကိုဗစ်တတိယလှိုင်းကြောင့် အောင်ဆီဂျင်လုံလောက်စွာ မရရှိမှု၊ ဈေးကွက်အတွင်း ဆေးဝါးပြတ်လပ်မှု၊ ဆေးရုံ၊ ဆေးခန်းများတွင် ကုသပေးမည့် ဆေး၀န်ထမ်းများ မလုံလောက်မှု၊ အရေးပေါ် ဆေးရုံများ မလုံလောက်မှု ၊ စစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် ပြည်သူသောင်းဂဏန်းနီးပါး အသက်ဆုံးရှုံးခဲ့ရသည်။

#ဆေးကုသစရိတ်ကြီးမြင့်မှု #ဆရာ၀န်မလုံလောက်မှု #အခြေခံလူတန်းစားများ #စပ်ဆေးသုံးစွဲ #Ayeyarwaddy_Times