ဧရာ၀တီတိုင်းမ်
စက်တင်ဘာလ ၃၀ ရက်

စစ်ကောင်စီကို စတင်ဖွဲ့စည်းကတည်းက ၀န်ကြီးဌာနအလိုက်၊ လုပ်ငန်းခွင်အလိုက်၊ အတွေ့အကြုံရှိသူများကိုသာ ယုံကြည်မှုဖြင့် တာ၀န်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

ယမန်နေ့ စက်တင်ဘာ ၂၉ ရက်နေ့က နေပြည်တော်ရှိ စစ်ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါအစည်းအဝေးတွင် စစ်ခေါင်းဆောင်က စစ်ကောင်စီအဖွဲ့၀င်များကို ၀န်ကြီးဌာနအလိုက်၊ လုပ်ငန်း ခွင်အလိုက်၊ အတွေ့အကြုံရှိသူများ၊ လုပ်ငန်းကျွမ်း ကျင်သူများနှင့် တာ၀န်ကိုကျေပွန်အောင် ထမ်းဆောင်နိုင်မည့် သူများကို စိစစ်ရွေးချယ်၍ ယုံကြည်မှုဖြင့် တာ၀န်ပေးအပ်ခဲ့ခြင်း ဖြစ်သည်ဟု ပြောဆိုခဲ့သည်။

ယင်းကဲ့သို့ ပြောဆိုခဲ့သည့် စစ်ခေါင်းဆောင်သည် ရာထူးအပြောင်း အလဲ အစားထိုးခန့်အပ်မှုများနှင့် ရာထူးမှဖယ်ရှားမှုများကို အာဏာသိမ်းပြီးကတည်းက တောက်လျှောက်ပြုလုပ်ခဲ့သည်ကို မျက်ကွယ်ပြုကာ ဟာသဆန်ဆန် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ယုံကြည်မှုနှင့် စိစစ်ရွေးချယ်ခန့်အပ်ခဲ့သည်ဟု ပြောဆိုခဲ့သည့် စစ်ခေါင်းဆောင်သည် ယခုလအတွင်း၌ စစ်ကောင်စီအဖွဲ့၀င်များဖြစ်ပြီး သူကိုယ်တိုင် ယုံကြည်သည့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်တို့ကို ရာထူးမှ ဖယ်ရှားခဲ့ပြီး ပိုင်ဆိုင်မှုအချို့ကိုပါ သိမ်းယူခဲ့သည့် ဖြစ်စဉ်များလည်း ဖြစ်ပွားခဲ့သည်။

အဆိုပါအစည်းအဝေးတွင်ပင် ပိတ်ဆို့နှောင့်ယှက်မှု မျိုးစုံကြားမှ တာ၀န်များထမ်းဆောင်ရာတွင် ကာလတိုအတွင်း အောင်မြင်မှုများ၊ တိုးတက်မှုများရှိခဲ့သည်ကို တွေ့မြင်ရမည်ဖြစ်သည်ဟု စစ်ခေါင်းဆောင်ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သေးသည်။

#စစ်ကောင်စီ #ဥက္ကဋ္ဌ #ဗိုလ်ချုပ်မှူးကြီး #မင်းအောင်လှိုင် #အစည်းအဝေး #Ayeyarwaddy_Times