ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၃၀ ရက်

ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်မြို့တွင် မြို့ခံအများစု စားသုံးနေသည့် စားသုံးဆီရောင်းချသည့် လက္ကားဒိုင်ကြီးများတွင် ဆီပြတ်လပ်နေကြောင်း သွားရောက်ဝယ်ယူခဲ့သည့် ဒေသခံများထံက သိရသည်။

ပုသိမ်မြို့ ဒေသခံအများစု အသုံးပြုနေသည့် စားသုံးဆီ(ခ)ပဲလတ်ဆီမှာ လက္ကားရောင်းချသည့် ဒိုင်ကြီးများတွင် ရောင်းချရန်မရှိတော့သည်အထိ ပြတ်လပ်နေခြင်းဖြစ်ကြောင်း သွားရောက်ဝယ်ခဲ့သည့် မြို့ခံတစ်ဦးက ပြောသည်။

“မြို့ပေါ်က လက္ကားရောင်းတဲ့ ဒိုင်ကြီးတွေမှာ သွားဝယ်တာ ဆီပြတ်နေပြီလို့ ပြောလို့ ပြန်လာရတယ်။ စျေးထဲကဆိုင်တွေမှာလည်း နေတိုင်းမရဘူး။ ရတော့လည်း တစ်ယောက်ကို တစ်ပိဿထက်ပိုမရောင်းဘူး။ အဲ့လောက်ထိအခြေအနေဆိုးနေပြီ” ဟု စားသုံးဆီရောင်းချသည့် လက္ကားဒိုင်ကြီးများတွင် သွားရောက်ဝယ်ယူခဲ့သည့် ​ပုသိမ်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိူ ​ပြောသည်။

ပုသိမ်မြို့ပေါ်ရှိ စျေးများတွင် လက်လီရောင်းချသည့် ကုန်စုံဆိုင်များမှာလည်း လူတစ်ဦးလျှင် တစ်ပိဿနှုန်း အကန့်အသတ်ဖြင့်သာရောင်းချနေသော်လည်း ယခင်ကဲ့သို့ နေ့စဥ်ရောင်းချနိုင်ခြင်းမရှိတော့ကြောင်း ပုသိမ်​မြို့ခံ အိမ်ရှင်မများက ဆိုသည်။

“ဆိုင်မှာရောင်းဖို့ ၅ ပိဿဆီပုံးလိုက်ရှာတာ ဘယ်မှာမှ ဝယ်လို့မရဘူး။ ဒိုင်တွေကလည်း မရှိတော့မရောင်းဘူး။ ပြတ်နေပြီလို့ပဲ ပြောတယ်။ လကက္ကားဒိုင်တွေမှာတောင်မရှိဘူးဆိုတော့ လက်လီဆိုင်တွေကလည်း စွတ်မရောင်းရဲကြတော့ဘူး။ အကန်​့အသတ်နဲ့ပဲ ရောင်းနေကြရတယ်။ တချို့ဆိုင်တွေဆို ၁ ပိဿ၊ တချို့ဆို ၅၀ သားပဲ ရောင်းကြတော့တယ်”ဟု မြို့ပေါ်ရပ်ကွက်နေ ကုန်စုံဆိုင်ဖွင့်လှစ်ရောင်းချနေသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီက ရပ်ကွက်များတွင် စားအုန်းဆီ တစ်ပိဿလျှင် ၄၅၀၀ ကျပ်ဖြင့် လိုက်လံရောင်းချပေးနေသော်လည်း ဆီဝယ်ယူရန်လာရောက်တန်းဆီသူများအနက် အများစုမှာ ဆီဝယ်ယူခွင့်မရကြကြောင်း ပုသိမ်မြို့ခံအချို့က ဆိုသည်။

“၄၅၀၀ နဲ့ ဆီလာရောင်းလို့ တန်းစီကြရင် အများကြီးပဲ။ လူ ၁၀၀ ရှိရင် ၃၀ လောက်ပဲ ဝယ်လို့ရကြတယ်။ မရကြတာများတယ်။ သူတို့လည်း ခွဲတမ်းတဲ့ရောင်းရတယ်ဆိုတော့ မရောင်းပေးနိုင်ကြဘူး။ တစ်ရပ်ကွက်ကို ဆီ ၂ ပေပါနှုန်းပဲ ချပေးတာလို့တော့ကြားတယ်” ဟု မျက်မြင်တွေ့ရှိခဲ့သည့် ပုသိမ်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် စားအုန်းဆီ တစ်ပိဿလျှင် ၅၂၀၀ ကျပ်၊ ပဲလတ်ဆီတစ်ပိဿလျှင် ၉၀၀၀ ကျပ်၊ မြေပဲဆီ တစ်ပိဿလျှင် ၁၅၀၀၀ ကျပ်အထိ ပေါက်စျေးရှိနေပြီး ထိုင်းနိုင်ငံမှတင်သွင်းသည့် ဟင်းသီးဟင်းရွက်ဆီ၊ နေကြာဆီအပါအဝင် စားသုံးဆီများမှာလည်း ဆီ ၅၀ သားပါတစ်ဘူးလျှင် ကျပ် ၆၀၀၀ ဝန်းကျင်မှ ကျပ် ၁၀၀၀၀ ဝန်းကျင်အထိရှိနေကြောင်း ပုသိမ်မြို့ရှိကုန်စုံဆိုင်များထံမှ သိရသည်။

#ပုသိမ် #စားသုံးဆီ #လက္ကားဒိုင် #ပြတ်လပ် #လက်လီ #အကန့်အသတ် #ရောင်းချ
#Ayeyarwaddy_Times