
ဆောင်းပါးရှင်-မောင်ကောင်း၊ မနိုင်း
(ဧရာ၀တီတိုင်းမ် ၊ စက်တင်ဘာ ၃၀ ရက်)
ကိုစိုး (အမည်လွှဲ) ဟာ ရန်ကုန် ဧရိယာလောက်သာ အကျယ်အဝန်းရှိတဲ့ စင်ကာပူနိုင်ငံမှာ ကားမောင်းတဲ့ အလုပ်နဲ့ ဝင်ငွေလမ်းဖြောင့်ခဲ့ သူတစ်ယောက်ပါ။
အိမ်ထောင်ပြုဖို့အတွက် ၂၀၁၈ မှာ မြန်မာနိုင်ငံကို ပြန်လာခဲ့တဲ့ ကိုစိုးဟာ ကိုယ်ပိုင် ကားဝယ်ပြီး တက္ကစီမောင်းတဲ့အလုပ်ကို လုပ်ကိုင်ခဲ့ပေမယ့် ကိုဗစ်ကာလကိုဖြတ်သန်းပြီး နောက် စစ်တပ်က အာဏာသိမ်းယူလိုက်တဲ့ အခါမှာတော့ ရပ်တည်ဖို့တောင် ခက်ခဲ လာတယ်လို့ ဆိုပါတယ်။
“အလုပ်အကိုင် အခွင့်အလမ်းများပြားပြီး အချိန်ပြည့် စည်းကားခဲ့တဲ့ ရန်ကုန်ဟာ ၂၀၂၀ နှစ်လယ်လောက်ကစပြီး တရုတ်နိုင်ငံက စတင်လာတဲ့ ကိုဗစ်-၁၉ ရောဂါ ရဲ့ ရိုက်ခတ်မှု ၊ ၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းမှုတွေကြောင့် ကိုစိုးရဲ့ တက္ကစီမောင်းတဲ့ အလုပ်ဟာ ယခင်ကလို ဝင်ငွေပုံမှန် တွက်ဆလို့ မရတော့ဘူး” လို့ ကိုစိုးက ဆိုပါတယ်။
ဝန်ထမ်းအလိုရှိသည်
ရွှေကုက္ကိုလ်မြို့ မှ ခေါ်ယူလိုသော အလုပ် Position များ
-Finding
-Chatting
-Model
-Chatting Leader
နေစား စားရိတ်ငြိမ်း အခြေခံလစာ ထိုင်းဘတ်ငွေ ၁၅၀၀၀ နှင့်အထက် ၊ အေးဂျင်ံ့များလည်း ဆက်သွယ်နိုင်ပြီး မိတ်ဆက်ခများကိုလည်းပေးပါတယ်။ ဖုန်း 09-69×××××× ၊ 09-78××××××× ဆိုတဲ့ အလုပ်ခေါ်စာတွေကို ကိုစိုးတစ်ယောက် တယ်လီဂရမ် ကနေ တဆင့် မြင်ခဲ့ရတာပါ။
ဒါဟာ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကနေ လူငယ်တွေကို အသုံးချဖို့အတွက် တယ်လီ ဂရမ်ကနေ တဆင့်ခေါ်ယူနေတဲ့ အလုပ်ခေါ်စာတွပါ။
ရန်ကုန်မှာ ငွေရှာရတာ အဆင်မပြေတော့တဲ့ ကိုစိုးဟာ အွန်လိုင်းမှာ တွေ့မြင်ခဲ့ရတဲ့ အလုပ်ခေါ်စာပေါ်မှာ ပေးထားတဲ့လစာတွေကို မက်မောတာအပြင် မိတ်ဆွေတစ်ဦးရဲ့ ချိတ်ဆက်ပေးမှု ကြောင့် ရွှေကုက္ကိုလ်ကို ထွက်လာခဲ့ပါတယ်။
#ရွှေကုက္ကိုလ်ခေါ်ဒုစရိုက်မြို့သစ်ကြီး
ရွှေကုက္ကိုလ်ဟာ ကရင်ပြည်နယ်၊ မြဝတီမြို့ရဲ့ မြောက်ဘက်မှာရှိပြီး ကရင်နယ် ခြားစောင့်တပ် (BGF) ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူပိုင်တဲ့ ချစ်လင်းမြိုင် ကုမ္မဏီနဲ့ ရထိုက်နိုင်ငံတကာဦးပိုင်ကုမ္ပဏီ(Yatai International Holdings Group) တို့ပူးပေါင်းပြီး ၂၀၁၇ ခုနှစ်မှာ စတင်တည်ဆောက်ထားတဲ့ နိုင်ငံတကာအဆင့်မီ ဒုစရိုက်မြို့သစ်ကြီးပါ။
ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ဘေးမှာရှိတဲ့ ရွှေကုက္ကိုလ်ကို ရထိုက်မြို့သစ် လို့ တရားဝင်ခေါ်ကြပြီး ဒေသခံတွေကတော့ ကရင်ပြည်နယ်ရဲ့ China Town လို့သိကြပါတယ်။
ရွှေကုက္ကိုလ်မှာ တရုတ်နိုင်ငံသားတွေ ဦးဆောင်လုပ်ကိုင်နေတဲ့ လူကုန်ကူးမှု လုပ်ငန်းတွေ၊ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေ၊ ကာစီနိုလုပ်ငန်းတွေနဲ့ ပျော်ပွဲစားရုံ လုပ်ငန်းတွေ အများအပြားရှိပြီး ဒုစရိုက်မျိုးစုံရှိတဲ့ ဒုစရိုက်မြို့သစ်ကြီးအဖြစ် ကျော်ကြားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် နောက်ပိုင်းမှာ စီးပွားရေး၊ လူမှုရေးနဲ့ တရားဥပဒေစိုးမိုးမှုဟာ အဖက်ဖက်ကနေ ကျဆင်းလာနေပြီး နိုင်ငံရေးမတည် ငြိမ်မှုတွေကိုပါ ရင်ဆိုင်ကြရပါတယ်။
နိုင်ငံရေးမတည်ငြိမ်တဲ့အပြင် အလုပ်အကိုင် ရှားပါးလာတာကြောင့် နယ်စပ်ဒေသ တွေမှာ တရားမဝင်အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများ၊ ကာစီနိုရုံများ၊ လူကုန်ကူးမှု လုပ်ငန်းများကို တွင်တွင် ကျယ်ကျယ် လုပ်ကိုင်လာကြပါတယ်။
အဲ့ဒီလို လုပ်ကိုင်နေကြတဲ့ အထဲမှာ ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ ရွှေကုက္ကိုလ်ကလည်း ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်မှာရှိတဲ့ အွန်လိုင်းကနေလိမ်လည် လုပ်ငန်းတွေရဲ့ အချက်အခြာ ဒေသတစ်ခုဖြစ်လာခဲ့ပါတယ်။
“အဲ့ဒီမှာဗမာလူငယ်တွေအများကြီးပဲ။ လူငယ်တွေကြီးပဲ။ နယ်ကနေလာလုပ်ကြတဲ့ သူတွေလဲရှိတယ်။ မန္တလေးတို့၊ တောင်ကြီးတို့၊ နယ်ပေါင်းစုံကပဲ။ ရန်ကုန်ကလာလုပ်တဲ့ သူတွေလဲရှိတယ်။ လူငယ်တွေကြီးပဲ” ဟု ကိုစိုးက ဆိုပါတယ်။
ကိုစိုးကတော့ မိတ်ဆွေတစ်ယောက်ရဲ့ ချိတ်ဆက်ပေးမှုကြောင့် ရွှေကုက္ကိုလ်ကို ရောက်ရှိလာတာ ဖြစ်ပေမယ့် လိမ်လည်ရန်အတွက် အလုပ်ခေါ်ယူသူတွေကတော့ တယ်လီဂရမ်၊ WhatsAPP စတဲ့ အွန်လိုင်း အက်ပလီကေးရှင်းကနေ တစ်ဆင့် လစာကောင်းကောင်း ရမယ်လို့ မက်လုံးပေးပြီး ကြားခံပွဲစားတွေကနေတစ်ဆင့် အလုပ်ခေါ်ယူတာဖြစ်ပါတယ်။
“အွန်လိုင်းကနေ အလုပ်လျောက်တာက ဒီမှာရှိတဲ့ HR တွေကို ဖုန်းနဲ့အင်တာဗျူးခိုင်းပြီး အင်္ဂလိပ်စာအခြေခံနဲ့ ကွန်ပျုတာစာရိုက်က တစ်မိနစ်ကို စာလုံးရေ ၂၅ လုံး ၃၀ လောက်ရိုက်နိုင်ရင် ၁၅ ရက်အစမ်း အလုပ်ခန့်တယ်။ ၁၅ ရက်ကျော်ရင် ပါမစ်နစ် ဖြစ်တယ်။ စစခြင်း နေပြီး စားပြီး ဘတ် ၁၅၀၀၀ ပေးတယ်။ အစမ်းခန့် ၁၅ ရက်မှာ သူတို့ မကြိုက်ရင် တစ်ကျပ်မှမရဘူး။ ဆင်းထားတဲ့ရက်ရဲ့ လစာလည်းမရဘဲ တစ်ခြား အလုပ်တန်း ရှာရတာ ” လို့ ကိုစိုးက ပြောပါတယ်။
အလုပ်ခေါ်ယူရာမှာ တရုတ်ကုမ္ပဏီနာမည်တွေ အသုံးပြုပြီး Customer service၊ Online game၊ အင်္ဂလိပ်စကားပြန်၊ တရုတ်စကားပြန် စတဲ့ ရာထူးအမျိုးမျိုးနဲ့ နေစားစရိတ်ငြိမ်း ခေါ်ယူတာ ဖြစ်ပေမယ့် လက်တွေ့မှာတော့ လုပ်အားခကို ခေါင်းပုံဖြတ်လေ့ရှိပြီး အလုပ်ချိန်ကိုလည်း တစ်နေ့ ၁၂နာရီအထိ လုပ်ရတယ်လို့ ဆိုပါတယ်။
“တစ်နေ ၁၂ နာရီကို သူတို့က ဘယ်လိုခိုင်းလဲဆိုတော့ အမေရိကန်နိုင်ငံရဲ့ နေ့လယ်ကို ပစ်မှတ်ထားချင်တာ လိုချင်တာဆိုတော့ နှစ် ပိုင်းပိုင်းလိုက်တယ်။ ကျွန်တော်တို့ကို ည ၁၀ နာရီကနေ မနက်၁၀ နာရီထိခိုင်းတယ်။ အဲ့အချိန်မှာ သူတို့(လိမ်မယ်သူ) ကိုတောက်လျှောက် စကားတွေပြောပြီး ရင်းနှီးအောင် လုပ်ယူရတယ်” လို့ ရွှေကုက္ကိုလ် မှာ အွန်လိုင်းကနေ ငွေလိမ်တဲ့ အလုပ်လုပ် ကိုင်သူ ကိုစိုးက ပြောပါတယ်။
#ခရစ်တိုကာရန်စီ(Cryptocurrency)
ကိုစိုးတို့ လုပ်ကိုင်ရတဲ့ ခရစ်တိုကာရန်စီ(Cryptocurrency) ဆိုတာကတော့ ဒစ်ဂျစ်တယ် ငွေကြေးတွေကို အွန်လိုင်းကနေ ကိုယ့်ဆီ လွှဲပြောင်းလာအောင် နည်းလမ်းအမျိုးမျိုး သုံးပြီး လိမ်လည် လှည့်ဖြားရတာဖြစ်ပါတယ်။
ခရစ်တိုငွေကြေး (Cryptocurrency) ဆိုတာက အင်တာနက်နဲ့ အသုံးပြုရတဲ့ ဒစ်ဂျစ်တယ်ငွေကြေးတစ်မျိုးပါ။ ဘဏ်တွေရဲ့ မိုဘိုင်းငွေကြေးဝန်ဆောင်မှုကို အသုံးပြုဖို့ ဖုန်းထဲမှာ သက်ဆိုင်ရာ Application တွေ ထည့်သုံးရသလိုပဲ ခရစ်တိုငွေကြေးက Wallet လို့ ခေါ်တဲ့ Application နဲ့ Device တွေ အသုံးပြုပြီး အင်တာနက်ပေါ်ကနေ ငွေသုံးစွဲကြတာပဲ ဖြစ်ပါတယ်။
အဲ့ဒီလို ခရစ်တိုငွေကြေး ပိုင်ဆိုင်သူတွေကို ကိုစိုးတို့က အွန်လိုင်းကနေ ချဉ်းကပ်ပြီး လိမ်လည်ရတဲ့အလုပ်ကို လုပ်ရတာပါ။
အွန်လိုင်းကနေ လိမ်လည်မယ့် တရုတ်ဂိုဏ်းတွေဟာ အမေရိကန်နိုင်ငံမှာရှိတဲ့ သူတွေရဲ့ ဖုန်းနံပါတ်တွေကို ဘန်ကောက်ကနေ တဆင့်ဝယ်ယူပြီး လိမ်လည်ဖို့အတွက် အဲ့ဒီ ဖုန်းနံပါတ်တွေကို ချပေးတယ်လို့ သိရပါတယ်။
“လိမ်ဖို့အတွက် အမေရိကန်မှာရှိတဲ့ ဖုန်းနံပါတ်တွေကို ဘန်ကောက်ကနေပြီး ဝယ်ရတယ် လို့ပြောတယ်။ အဲ့ဒီမှာက ထိုင်းကတ်သုံးလို့ရတော့ ထိုင်းကတ်ကို အထိုင်နဲ့ ချပေးထားတဲ့ အတိုင်းပြောပြီး သုံးရတယ်” လို့ ကိုစိုးက ဆိုပါတယ်။
ကိုစိုးတို့လို အွန်းလိုင်းကနေတဆင့် လိမ်လည်ပေးမယ့် သူတွေဟာ သူတို့နဲ့ မသိတဲ့သူတွေ ကို Google Voice ကနေတဆင့် ချိတ်ဆက် ရင်းနှီးမှုရယူပြီး လိမ်လည်ဖို့ လုပ်ဆောင်ရတာပါ။
“ Google မှာဖုန်းနံပါတ် အလုံးရေ ၅၀၀ ချပေးတယ်။ ကျွန်တော်တို့က google voice ကနေ ကိုယ်နဲ့မသိပဲနဲ့ လိုက်ပြီးတော့ Hi တယ်၊ Hello လုပ်တယ်။ “မင်းနေကောင်းလား” ဘာညာ စကားပြောတယ်။ ပြီးမှ ဖုန်းမှားသွားတဲ့ ပုံစံမျိုးလုပ်ပြီး ဝင်လုံးရတာ” လို့ ကိုစိုးကပြောပြပါတယ်။
ကိုစိုးတို့ဟာ ကိုယ့်နဲ့မသိဘဲ စကား လိုက်ပြောကြည့်ရင်း တစ်ဖက်က တုံ့ပြန်လာတဲ့ ပုံစံကိုကြည့်ပြီး ရင်းနှီးမှုယူရတာပါ။ တစ်ဖက် အနေအထားကို ကြည့်ပြီး ရင်းနှီးသွားပြီ ဆိုရင်တော့ ကိုစိုးတို့အခေါ် Client (လိမ်မယ်သူ) ကို WhatsAPP ဒါမှမဟုတ် တယ်လီဂရမ်ကနေ အကောင့် အပ်ထားလိုက်တယ် လို့ ဆိုပါတယ်။
“ Client ကို နေ့တိုင်း Morning ၊ Good night ဘာညာ စကားတွေ လျောက်ပြော ရတယ်။ ထိတွေ့ပေးရတယ်။ ကျွန်တော်တို့က WhatsAPP နဲ့ တယ်လီဂရမ် ၂ မျိုးပဲ သုံးရတယ်”
ကိုစိုးတို့ဟာသူတို့ လိမ်လည်မယ့်သူနဲ့ ရင်းနှီးမှုရလာတဲ့အခါ နောက်ထပ် တဆင့် တက်ပြီး ပိုစိတ်ဝင်စားလာအောင် လုပ်ယူရပါတယ်။ အဲ့ဒီလို စိတ်ဝင်စားလာအောင်လုပ်ဖို့အတွက် မော်ဒယ် ထိုင်ပေးဖို့ ရုရှားအမျိုး သမီးတစ်ယောက် ၊ မြန်မာအမျိုးသမီးတစ်ယောက်ကိုလည်း ငှားရမ်းထား တယ်လို့ ကိုစိုးဆီကနေ သိရပါတယ်။
“တော်တော်လေးကို ရင်းနှီးလာတဲ့အခါကျရင် မော်ဒယ်ဇာတ်ကောင်နဲ့ ပြောရတယ်။ မော်ဒယ်ကို ရုပ်မြင်အောင် ခဏပြပေးတယ်။ ကျွန်တော်တို့က မော်ဒယ်ပုံစံမျိုးယူပြီး Client ကိုဆက်ရတယ်။ ကိုယ့်ဆီမှာ အခြားကနေ ငွေဝင်တဲ့ Cryptocurrency ရှိတယ်။ စိတ်ဝင်စားသလားတီးခေါက်ရတယ်။ ဒါကတော့ကုမ္ပဏီက ချပေးတဲ့အတိုင်း အယုံသွင်းတာပါ” လို့ ကိုစိုးက ပြောပြပါတယ်။
ငွေလိမ်လည်မယ့် တရုတ်ငွေလိမ်ဂိုဏ်းတွေဟာ ချောမောလှပတဲ့ အမျိုးသမီး မော်ဒယ်တွေကိုပါ ငှားရမ်းထားပါတယ်။ သူတို့မှာ ကုမ္ပဏီ ၊ ရှော့ပင်းစင်တာ ၊ ရေနံ၊ ရွှေ စတဲ့ ရင်းနှီးမြုပ်နှံမှု တစ်ခုခုရှိနေပြီး ကိုယ်ပိုင်ပလက်ဖောင်း တစ်ခုရှိတယ်လို့ အယုံသွင်းတာပါ။ Cryptocurrency လို့ခေါ်တဲ့ ဒစ်ဂျစ်တယ် ငွေကြေးဟာ သူတို့ရဲ့ ဒုတိယဝင်ငွေအနေနဲ့ အောင်မြင်နေတယ်လို့ ပြသပြီး ဆွဲဆောင်စည်းရုံး ရတာလို့ သိရပါတယ်။
“Cryptocurrency ကို ဒုတိယဝင်ငွေအနေနဲ့ လုပ်ပြီး အောင်မြင်တယ်။ စီးပွားဖြစ်တယ် ဆိုတာကို တော်တော်လေးယုံအောင်ပြောရတယ်။ အဲ့ဒီလိုတွေ ပြောပြီးတော့ သူက စိတ်ဝင်စားလာပြီဆိုရင် သူ့မှာ credit card ရှိလား၊ ရှိရင် ဒီလိုလိုက်လုပ်ပြီးဆိုပြီး ကျွန်တော်တို့ရဲ့ ဖရိန်တွေအတိုင်း USD trading လုပ်ခိုင်းတယ်။ သူတို့ဆီက ပိုက်ဆံ ရဖို့နည်းလမ်းက သုံးမျိုးလေးမျိုး လောက်ရှိတယ်” လို့ ကိုစိုးက ပြောပြပါတယ်။
ဒါဟာ ငွေလိမ်ဂိုဏ်းတွေ အွန်လိုင်းကနေ လိမ်လည်ပြီး ငွေကြေးရယူတဲ့ နည်းလမ်းအချို့ကို ကိုစိုးက ပြောပြတာပါ။ အွန်လိုင်းကနေ ငွေကြေးလိမ်လည် သူတွေဟာ Cryptocurrency အတွက် ကိုယ်ပိုင် ပလက်ဖောင်း တစ်ခုရှိနေပြီး လိမ်မယ့်သူကို အမြတ် ၄၀ ရာခိုင်နှုန်းအထိ ပေးပြီးတော့ မြှူဆွယ်တယ်လို့လည်း သိရပါတယ်။
“ အဲ့ဒီ(Cryptocurrency)အတွက် တရုတ်တွေက ကိုယ်ပိုင်ပလက်ဖောင်းရှိတယ်။ ရေနံတို့၊ ရွှေတို့ ကစား သလိုမျိုးပဲ။ ဘယ်လောက်ပဲ ထည့်ထည့် ထည့်လိုက်တဲ့အပေါ်မူတည်ပြီး အမြတ်များများ ပေးလိုက်တာ။ ဥပမာ-ဒေါ်လာ ၁၀၀ ဆိုရင်လည်း ခဏလောက် USD Trading ကစားပြီး အမြတ် ၄၀ ရာခိုင်နှုန်း လောက်ထည့်ပေးလိုက်တယ်။ တကယ်တော့ ထည့်ပေး လိုက်တဲ့ အမြတ်က ဒီဘက်က နေလုပ်ပေးထားတဲ့ ကိန်းဂဏန်းတွေအနေနဲ့ပဲရှိတာ။ ထုတ်ယူ လို့မရဘူး။ ဟိုဘက်မှာက ငွေကထုတ်လို့မရဘူး။ ဟိုဘက်က အယုံလွယ်လာပြီး ဒေါ်လာများများ ထည့်လာပြီ။ အနည်းဆုံး ဒေါ်လာထောင်ဂဏန်း ကနေ သောင်းဂဏန်းလောက်ဆိုရင် Client ကိုသတ်ချလိုက်တယ်ပေါ့။ တစ်ခါထဲ block ပြီး အဆက်အသွယ် လုံးဝ ဖြတ်ချလိုက်တယ်” လို့ တရုတ်ဂိုဏ်းတွေရဲ့ အွန်လိုင်းပေါ်က ငွေလိမ်နည်းတွေကို ကိုစိုးဆီကနေတဆင့် သိရပါတယ်။
စစ်တပ်အာဏာမသိမ်းမီ အရပ်သားအစိုးရ လက်ထက် ၂၀၂၀ ပြည့်နှစ်က ရွှေကုက္ကိုလ်မှာ လောင်းကစား မြို့တော်အဖြစ်အဖြစ် ဖန်တီးပြီး စီးပွားရှာတာကို ကန့်ကွက် ဖိအားပေးမှုတွေ များလာတဲ့အတွက် ကရင်နယ်ခြားစောင့်တပ် ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူနဲ့ အဖွဲ့ဟာ BGF ကနေ နုတ်ထွက် စာတင်တဲ့ အထိ ရှိခဲ့ပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်မှာတော့ ကရင်ပြည်နယ်အတွင်းမှာ တကျော့ပြန် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာပါတယ်။ အဲ့ဒီအခါမှာ စစ်ကောင်စီ တပ်ဘက်ကနေ ကူညီတိုက်ခိုက်ပေးနေတဲ့ ဗိုလ်မှူးကြီးစောချစ်သူရဲ့ ကရင်နယ်ခြား စောင့်တပ် (BGF)ဟာ ရွှေကုက္ကိုလ် တရုတ်မြို့သစ်မှာ နယ်စပ်ဖြတ်ကျော် လူမှောင်ခို အလုပ်တွေ ၊ ကာစီနို လောင်းကစားဝိုင်းတွေနဲ့ စည်စည်ကားကား ဖြစ်လာပါတယ်။
ထိုင်း-မြန်မာနယ်စပ်က ရွှေကုက္ကိုလ်လို့ခေါ်တဲ့ ရထိုက်မြို့သစ်ရဲ့ အုပ်ချုပ်ရေးကလည်း စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ စစ်ကောင်စီတပ် လက်အောက်ခံ BGF ကြီးစိုးနယ်မြေဆိုပေမယ့် အုပ်ချုပ်သူတွေဟာ လက်နက်ကိုယ်စီ ကိုင်ဆောင်ထားတဲ့ တရုတ်နိုင်ငံသားတွေဖြစ်ပါတယ်။ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ဆုံးဖြတ်ပြီး အုပ်ချုပ်တယ်လို့ သိရပါတယ်။
“ရထိုက်အုပ်ချုပ်ရေး၊ ရထိုက်ဥပဒေနဲ့ အုပ်ချုပ်တယ်လို့ပြောတယ်။ ကိုယ်ပိုင် အုပ်ချုပ်ရေး ဆိုပေမယ့် အစစအရာရာစိတ်ချရတဲ့ပုံစံ နေရာမျိုးမဟုတ်ဘူး။ တစ်ခါထဲ ပစ်သတ်တယ်လို့ရတယ်လည်းပြောတယ်” လို့ ကိုစိုးက ပြောပါတယ်။
#ရထိုက်ဒုစရိုက်မြို့သစ်ကြီးရဲ့ပိုင်ရှင်များ
ရွှေကုက္ကိုလ်၊ ရထိုက်မြို့သစ်စီမံကိန်းကို ရထိုက်လုပ်ငန်းစုနဲ့ ဗိုလ်မှူးကြီးစောချစ်သူရဲ့ နယ်ခြားစောင့်တပ်(BGF) တို့ ပူးပေါင်းပြီး မြန်မာ-ရထိုက် နိုင်ငံတကာ ဦးပိုင်လုပ်ငန်းစု (Myanmar Yatai International Holding Group) အဖြစ် ၂၀၁၇၊ ဖေဖော်ဝါရီ ၁၄ ရက်နေ့က ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများမှတ်ပုံတင်ဦးစီးဌာနမှာ မှတ်ပုံတင်ခဲ့ပါတယ်။
ကုမ္ပဏီများ မှတ်ပုံတင်ဦးစီးဌာနရဲ့ မှတ်တမ်းတွေအရ ကုမ္ပဏီရှယ်ယာကို ကမ္ဘောဒီးယား နိုင်ငံသားက ၆၇ ဒသမ ၆၈ ရာခိုင်နူန်း၊ မလေးရှားလုပ်ငန်းရှင်နှစ်ဦးက ၁၂ ဒသမ ၃၂ ရာခိုင်နူန်း၊ ဗိုလ်မှူးကြီးစောချစ်သူရဲ့ နယ်ခြားစောင့်တပ်က ၂၀ ရာခိုင်နှုန်း ပိုင်ဆိုင်တယ်လို့ ISP မြန်မာရဲ့ ရွှေကုက္ကိုလ်စီမံကိန်းအကြောင်းမှာ ဖော်ပြထားပါတယ်။
ရင်းနှီးမြုပ်နှံမှုအတွက် ဒေါ်လာသန်း ၅၀၀ ကျော် ကုန်ကျမယ်လို့ မှန်းထားတဲ့ အဲ့ဒီစီမံကိန်းမှာ နိုင်ငံတကာ လေဆိပ်၊ ဇိမ်ခံအိမ်ရာတွေ၊ အခန်း ၁၂၀၀ ပါဝင်တဲ့ ဟိုတယ်၊ လောင်းကစားရုံတွေ၊ အပန်းဖြေအဆောက်အဦး အမျိုးမျိုး၊ ဈေးဝယ်စင်တာတွေ၊ စက်မှုဇုန်တွေ၊ ကုန်တင်သိုလှောင်ရုံနဲ့ ဆိပ်ကမ်းတွေ ပါဝင်ပါတယ်။
အဲ့ဒါတွေအပြင် နောက်ထပ် နိုင်ငံတကာအဆင့်မီတက္ကသိုလ်တွေ၊ သိပ္ပံနှင့် နည်းပညာဇုန်၊ ခရီးသွားတွေ အတွက် အပန်းဖြေဇုန်၊ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုဇုန်၊ စီးပွားရေးဇုန်၊ စိုက်ပျိုးရေး ဇုန်၊ ရုပ်ရှင်ရုံတွေနဲ့ ရေပူစမ်းတို့ကို တည်ဆောက်ဖို့ ပါဝင်တယ်လို့ ဆိုထားပေမယ့် လက်ရှိမှာတော့ ဒုစရိုက် မြို့သစ်ကြီး အဖြစ်သာ နာမည်ကျော်နေပါတယ်။
“နိုင်ငံခြားအဆင့်မီ ဥရောပ ပုံစံ ခမ်းနားတဲ့ ကာစီနိုရုံတွေ ရှိတယ်။ ရန်ကုန်ကရုံ တွေနဲ့မတူပါဘူး တခြားစီပါ။ သေနတ်ကတော့ အကုန်လုံးကိုင်ထားတယ်။ လမ်းစုံ လမ်းဂွတွေမှာ ရထိုက် ယူနီဖောင်းဝတ်ထားသူတွေ သေနတ်တွေနဲ့ ကိုယ်စီ ရှိတယ်” လို့ ကိုစိုးက ပြောပါတယ်။
ရထိုက်ဒုစရိုက်မြို့သစ်ကြီးရဲ့ အဓိက ပိုင်ရှင်ကတော့ ၂၀၁၇ ခုနှစ်မှာ ကမ္ဘောဒီးယား နိုင်ငံသားအဖြစ် ခံယူခွင့်ရရှိခဲ့တဲ့ တရုတ်လူမျိုး ရှီကျီကျန်း ဖြစ်ပါတယ်။ တရုတ်လူမျိုး ရှီကျီးကျန်းဟာ ကုမ္ပဏီ ရှယ်ယာကို ၆၇ ဒသမ ၆၈ ရာခိုင်နူန်းအထိ အများဆုံး ပိုင်ဆိုင်ထားတဲ့ ကမ္ဘောဒီးယား နိုင်ငံသားလို့ မြန်မာနိုင်ငံရဲ့ ကုမ္ပဏီများမှတ်ပုံတင်ဦးစီး ဌာန မှတ်တမ်းတွေမှာ ပါရှိတဲ့ သူတစ်ယောက်ပါ။
ကမ္ဘောဒီးယား နိုင်ငံသားအဖြစ် ပြောင်းလဲခံယူထားတဲ့ တရုတ်လူမျိုး ရှီကျီကျန်းကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လအတွင်းက ထိုင်းနိုင်ငံ ဘန်ကောက်မှာရှိတဲ့ ထိုင်းရဲတပ်ဖွဲ့တွေက ဖမ်းဆီးရမိခဲ့ပါတယ်။
ရှီကျီကျန်းကို တရုတ်အစိုးရဆီ လွှဲပြောင်းပေးဖို့ တရုတ်အာဏာပိုင်တွေက ထိုင်းအစိုးရဆီက တောင်းဆိုနေပေမယ့် ရှီကျီကျန်းကတော့ သူဟာ ဥပဒေကြောင်းအရ တရုတ်နိုင်ငံသား မဟုတ်တော့ပါဘူး။ အဲ့ဒီအတွက် လွှဲပြောင်းမှုကို လက်မခံနိုင်ဘူးလို့ ငြင်းဆို ထားပါတယ်။ ရှီကျီကျန်းဟာ တရုတ်နိုင်ငံကူး လက်မှတ်ကို ကိုင်ဆောင်ထားသူ မဟုတ်ဘူး လို့လည်း ဆိုထားပါတယ်။
ရွှေကုက္ကိုလ်လို့ လူသိများတဲ့ ရထိုက်မြို့သစ်ကြီးဟာ ကူမင်း-ဘန်ကောက် အဝေးပြေး လမ်းနဲ့ ၈၀ ကီလိုမီတာသာဝေးပြီး အိန္ဒိယပင်လယ်၀ ဆိပ်ကမ်းနဲ့ ၁၃၀ ကီလိုမီတာ သာ ဝေးကွာတယ်လို့ ဆိုပါတယ်။
အဲ့ဒါတွေအပြင် အိန္ဒိယ-ထိုင်း အဝေးပြေးလမ်းဟာလည်း ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားကို ဖြတ်သန်းသွားပြီး အဲ့ဒီ ချစ်ကြည်ရေး တံတားဟာ ရထိုက်မြို့သစ်နဲ့ ၁၀ ကီလိုမီတာလောက်သာ ကွာဝေးပါတယ်။
ဒါကြောင့် တရုတ်အစိုးရအနေနဲ့ အိန္ဒိယ သမုဒ္ဒရာ ၊ အိန္ဒိယ-ထိုင်း အဝေးပြေးလမ်းတွေနဲ့ ဆက်စပ်နေပြီး မဟာဗျူဟာကျတဲ့ ရထိုက်ဇုန်ကို ထိန်းချုပ်နိုင်ဖို့ သူ့ကို အလိုရှိနေ တာဆိုပြီး ရှီကျီကျန်းက ပြောတယ်လို့ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့က ဘန်ကောက်ပို့စ် သတင်းစာမှာ ဖော်ပြထားပါတယ်။
#ရထိုက်ဒုစရိုက်မြို့သစ်ကြီးဆီသို့
ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်နေ့က မြဝတီမြို့မှာနေထိုင်ပြီး အွန်လိုင်းကတဆင့် လိမ်လည်တဲ့ Cyber ‘ဆိုင်ဘာ’ ရာဇဝတ်မှုလုပ်ငန်းတွေမှာ ခိုင်းစေခံနေရတဲ့ အင်ဒိုနီးရှားနိုင်ငံသား ၂၆ ယောက်ကို မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံရုံးက ကယ်တင်ခဲ့တယ်လို့ Antara အင်ဒိုနီးရှား သတင်းအေဂျင်စီက ဖော်ပြခဲ့ပါတယ်။
အင်ဒိုနီးရှားသံရုံးရဲ့ ထုတ်ပြန်ချက်တွေမှာ အင်ဒိုနီးရှားနိုင်ငံသား အမျိုးသမီး ငါး ဦးနဲ့ အမျိုးသား ၂၁ ဦးပါဝင်တယ်လို့ သိရပါတယ်။
ဒါတွေအပြင် ပြီးခဲ့တဲ့ ဇွန်လအတွင်း ကလည်း ရွှေကုက္ကိုလ်ဒေသမှာရှိတဲ့ လောင်းကစား လုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်ဖို့ လာရောက်တဲ့ အထောက်အထားမဲ့ ဗီယက်နမ် နိုင်ငံသား ငါးဦး နဲ့ မြန်မာပွဲစားတစ်ဦးကို ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ မဲဆောက်မြို့မှာ ထိုင်းရဲတပ်ဖွဲ့ကဖမ်းမိခဲ့သေးတယ်လို့ IOM Thailand မှာ ဖော်ပြထားပါတယ်။
၂၀၂၂ခုနှစ် ကနေ ၂၀၂၃ခုနှစ် ဇွန်လအထိ နိုင်ငံပေါင်း ၁၉ နိုင်ငံက လူပေါင်း ၂၃၀ ကျော်ကို အတင်းအဓမ္မခိုင်းစေခံရမှုနှင့် ပတ်သက်ပြီး IOM Thailand ကနေ လွှဲပြောင်း ပေးခဲ့ပါတယ်။ လွှဲပြောင်းပေးခဲ့သူတွေထဲက ၈၆ ရာခိုင်နှုန်းဟာ လူကုန်ကူး ခံရတဲ့သူတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
“ကျွန်တော်တို့ရွာဘက်မှာဆိုရင် ရွှေကုက္ကိုလ်မှာ လစာကောင်းတယ်ဆိုပြီး ကောင်မလေး တွေအများကြီးပဲ အလုပ်သွားလုပ်ကြတယ်။ သူတို့ရှေ့မှာ သွားတာလဲ ခုနစ်ယောက်၊ ရှစ်ယောက်လောက်ရှိတယ်။ ရပ်ကွက်ထဲကတစ်ယောက်က အဲ့ဒီမှာ အလုပ်လုပ်နေတာ၊ သူကနေ တဆင့်ခေါ်တာပေါ့။ စားပွဲထိုး(waiter)လုပ်ရမယ်လို့ ပြောတယ်။ ကိုယ့်ရပ်၊ ကိုယ့်ရွာက သူတွေသွားကြတာက ရွှေကုက္ကိုလ်ဆိုတော့စိတ်ပူတာပေါ့” လို့ ထန်းတပင်မြို့ မှာနေတဲ့ ကိုအောင်ကြီး(အမည်လွှဲ) က ဆိုပါတယ်။
မြန်မာနိုင်ငံနယ်စပ်မှာရှိတဲ့ ဒုစရိုက်လုပ်ငန်းတွေ၊ အွန်လိုင်း လောင်းကစား လုပ်ငန်းတွေကြောင့် အာဆီယံနိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်က နိုင်ငံခြားသားတွေပါ လူကုန်ကူးခံနေရပါတယ်။ အဲ့ဒီအတွက် သက်ဆိုင်ရာ နိုင်ငံက တာဝန်ရှိသူတွေဟာ သူတို့ရဲ့နိုင်ငံသားတွေကို ကယ်တင်နိုင်ဖို့အတွက် ထိုင်းနိုင်ငံနဲ့ ပူးပေါင်းပြီးတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က မြန်မာနိုင်ငံမှာ လူကုန်ကူးမှုတွေ အပါအဝင် online ကနေတစ်ဆင့် ငွေကြေးလိမ်လည်မှုတွေ ကျူးလွန်ဖို့ အဓမ္မခိုင်းစေခံရမှုတွေရှိနေပါတယ်။ အဲ့ဒါတွေကို တားဆီးနှိမ်နင်း သွားမယ်လို့ ပြီးခဲ့တဲ့ စက်တင် ဘာ ၁၃ ရက်နေ့မှာ ကျရောက်တဲ့ မြန်မာနိုင်ငံလူကုန် ကူးမှုတိုက်ဖျက်ရေး နေ့သ၀ဏ်လွှာမှာပြောကြာခဲ့ပါတယ်။
စစ်ကောင်စီက အဲ့ဒီလိုကိစ္စရပ်တွေကို တားဆီးနှိမ်နင်းသွားမယ်လို့ ပြောနေပေမယ့် ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့ ရွှေကုက္ကိုလ်လောင်းကစားမြို့သစ်မှာတော့ သူတို့ရဲ့ လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF)နဲ့ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေ ပူးပေါင်း ပြီးတော့ လူကုန်ကူးမှုတွေ အပါအဝင် ဒုစရိုက်လုပ်ငန်းပေါင်းစုံကို လုပ်ကိုင်နေကြတာပဲ ဖြစ်ပါတယ်။
ရွှေကုက္ကိုလ်မြို့သစ်မှာ အွန်လိုင်းကနေ ငွေလိမ်တဲ့ အလုပ် လုပ်ကိုင်တဲ့ ကိုစိုးက အခုချိန်မှာတော့ ရွှေကုက္ကိုလ်လုပ်နေတဲ့ အလုပ်ကနေ ထွက်လိုက်ပြီလို ဆိုပါတယ်။
“သူများပိုက်ဆံကို လိမ်နေရတာမျိုး ဆိုတော့ ကျွန်တော့ရဲ့ စိတ်ကိုက မသန့်တော့လို့ ထွက်လိုက်တာ။ သူတို့က ကုမ္ပဏီအသစ် ဖွဲ့မှာဆိုတော့ ဖွဲ့စည်းပုံ ပြောင်းတယ်။ အဲ့ဒီမှာ ထွက်မှာလား။ ဆက်လုပ်မှာလား မေးတာပါ။ ဆက်လုပ်မယ်ဆိုရင် စာချုပ် ချုပ်ခိုင်းတော့ မယ်၊ ဒါကြောင့် ထွက်လိုက်တာပါ။ လွတ်လပ်သွားပါပြီ” လို့ ကိုစိုးက ပြောပါတယ်။
အွန်လိုင်းကနေ ငွေကြေးလိမ်လည်တဲ့ဂိုဏ်းတွေဟာ ကိုစိုး လုပ်ကိုင်ခဲ့တဲ့ ရွှေကုက္ကိုလ် တစ်ခု တည်းမှာတင် ရှိနေတာမဟုတ်ပါဘူး။ မြန်မာနဲ့ နယ်နမိတ်ခြင်းထိစပ်နေတဲ့ တရုတ်၊ လာအို နဲ့ ထိုင်းနိုင်ငံ အပြင် ကမ္ဘောဒီးယားကနေ မြန်မာနယ်စပ်ကို အချေချ ရွှေ့ပြောင်းလာတဲ့ ဒုစရိုက်ဂိုဏ်းတွေလည်းရှိပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံ မြေပုံကိုကြည့်ရင် မြန်မာ နယ်စပ်တွေဖြစ်တဲ့ မူဆယ်၊ လောက်ကိုင် နဲ့ ၀ဒေသတွေမှာလည်း ရှိသလို ကျိုင်းတုံ ၊ တာချီလိတ် ၊ ရွှေတြိဂံတို့ကနေ ဆက်စပ် ဆင်းလာပြီး ကရင်ပြည်နယ် မြ၀တီနဲ့ ရွှေကုက္ကိုလ်ဒေသတွေအထိ ရှိနေတာမို့ မြန်မာနိုင်ငံမှာ ငွေကြေးလိမ်လည်တဲ့ဂိုဏ်းတွေ ရာနဲ့ချီရှိနေတယ်လို့ ဆိုနိုင်ပါတယ်။
မြန်မာနိုင်ငံသား လူငယ်အများအပြားဟာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ညံ့ဖျင်းတဲ့ စီမံခန့်ခွဲမှုတွေအောက်မှာ ကျပ်တည်းလာတဲ့ စားဝတ် နေရေးကြောင့် တခြားရွေးချယ်စရာ အခွင့်အလမ်းတွေ နည်းပါးလို့နေပါတယ်။
အသက်ရှင်ရပ်တည်ဖို့ လက်ကျန် ရွေးချယ်မှုရှိနေသေးတဲ့ ကိုစိုးကတော့ လွတ်လပ် သွားပြီဆိုနိုင်ပေမယ့် ရွေးချယ်စရာမရှိသူ လူငယ်တွေကတော့ ဝင်ငွေတစ်ခုနဲ့ အလုပ် အကိုင် ရဖို့အတွက် အခုလို ဒုစရိုက်မြို့သစ်တွေဆီကို တိုးဝင်ရင်း အသက်တွေကို အပေါင်ထားကာ မိသားစုအတွက် စွန့်စားရင်းနှီးနေကြဦးမှာပါ။
#မြန်မာပြည် #နိုင်ငံတကာအဆင့်မီ #ရထိုက်ဒုစရိုက်မြို့သစ်ကြီးဆီ #သတင်းဆောင်းပါး #Ayeyarwaddy_Times