ဧရာဝတီတိုင်းမ်
(မင်းတပ်)၊ စက်တင်ဘာလ ၃၀ ရက်

ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် အခြေစိုက်ထားသော ခလရ ၂၇၄ စစ်ကောင်စီတပ်ရင်းက မင်းတပ်မြို့နယ်၊ တိုက်နယ် ၄ ဘက်သို့ ယမန်နေ့၊ နံနက် ၆ နာရီဝန်းကျင်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အသက်မပြည့်သေးသည့် ၁၇ နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့် ၁၀ နှစ်အရွယ် ယောကျာ်းလေးတစ်ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)က သတင်းထုတ်ပြန်သည်။

ထို့အပြင် လူနေအိမ်တစ်လုံးနှင့် အိမ်သာနှစ်လုံးပျက်စီးခဲ့ပြီး လက်နက်ကြီးပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသော ကလေးငယ်နှစ်ဦးကို ကျန်းမာရေးဌာနနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)၏ ဆေးတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းကုသပေးလျက်ရှိကြောင်း သိရသည်။

“အမှတ် ၂ ဘက်ကို လက်နက်ကြီးပစ်ခတ်တာရှိတယ်။ ထိခိုက်မှုတော့မရှိဘူး။ အမှတ် ၄ ဘက်ကတော့ သတင်းထုတ်ပြန်ထားတဲ့အတိုင်းပဲခင်ဗျ။ အကြိမ်ရေကတော့ တကြိမ်ပစ်ရင် ၄ လုံး ၅ လုံးလောက် ဆက်တိုက်ပစ်တာ ဖြစ်မယ်ထင်တယ်။ ကလေးတွေရဲ့ ဒဏ်ရာရရှိမှုအခြေအနေ အသေးစိတ်ကိုတော့ ဆက်သွယ်ရေး အခက်အခဲကြောင့် မသိရသေးဘူး” ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)၏ သတင်း၊ ပြန်ကြားရေးနှင့် မှတ်တမ်းဌာနမှ အဖွဲ့ဝင် ဆလိုင်းမင်းတပ်က ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ပျက်စီးသွားသော ပျက်စီးမှုများကို မှတ်တမ်းတင်နိုင်ရန်အတွက် ဌာနမှူးက ကွင်းဆင်းဆောင်ရွက်လျက် ရှိပြီး မင်းတပ်မြို့နယ်၏ သတင်းများကို မကြာမီ စုပေါင်းထုတ်ပြန်နိုင်ရန် ကြိုးစားနေကြောင်းလည်း သိရသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)၏ တပ်ဖွဲ့ဝင် အများစုသည် စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့သော လက်နက်ကြီးကြောင့် ကျဆုံးခဲ့ရခြင်းဖြစ်ပြီး မင်းတပ်မြို့နယ်ထဲတွင် စစ်ကောင်စီတပ်က ကျေးရွာများ၊ အရပ်သားပြည်သူများများကို ပစ်မှတ်ထားကာ လေကြောင်းများဖြင့် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုများ အမြဲလုပ်ဆောင်လျက်ရှိသည်။

“ သတိထားမိတာက စစ်ကောင်စီတွေဟာ အရင်ကလို လက်နက်ကြီးတွေ အဆမတန်အများကြီး အသုံးပြု ပစ်နေတာ မတွေ့ရတော့ဘူးဆိုတော့ သူတို့လက်နက်ရိက္ခာတွေ အကန့်အသတ်ရှိလာပြီဆိုတာ သိသာတယ်။ ကျွန်တော်တို့ကလည် မြေပြင်ကလာတဲ့ ထောက်ပို့လမ်းကြောင်းတွေကို တတ်နိုင်သလောက်တားဆီးပိတ်ဆို့ တားတော့ တော်လှန်ရေးကြီး အခြေအနေဟာ ရှေ့ဆက်ရွှေ့နေတာမို့ တော်လှန်ပြည်သူတွေ အားမလျော့ဘဲ ဆက်လက်တောင့်ခံအားပေးကြပါလို့ ပြောချင်ပါတယ်”ဟု ဆလိုင်းမင်းတပ်က ဆက်လက်ပြောဆိုသည်။

မင်းတပ်မြို့နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းအပါအဝင် လက်နက်ကြီးများဖြင့် အရပ်သားပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် ဗုံးခိုကျင်းများတူး၍ အမြဲသတိဖြင့် နေထိုင်ကြရန်နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်)၏ ထုတ်ပြန်သတိပေးချက်များကို လိုက်နာပေးကြရန် တိုက်တွန်းနှိုးဆော်ထားသည်။

ဓာတ်ပုံ-စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့သော လက်နက်ကြီးအခွံ

#မင်းတပ် #စစ်ကောင်စီ #လက်နက်ကြီး #အသက်မပြည့်သေးသည့်ကလေးငယ်နှစ်ဦး #ဒဏ်ရာရရှိ
#Ayeyarwaddy_Times