ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၃၀ ရက်
ဆိုင်ကယ်လိုင်စင်ရုံးများ ပိတ်ထားကာ လိုင်စင်အသစ်ပြုလုပ်မရသဖြင့် စျေးကွက်အတွင်း ဆိုင်ကယ် လိုင်စင်ဘီးများ အမျိုးအစားပေါ်မူတည်၍ သိန်းဆယ်ဂဏန်းအထိ မြင့်တက်နေကြောင်း ဒေသတွင်း သတင်းအချက်အလက်များအရ သိရသည်။
ဇန်နဝါရီ ၂၄ ရက်နေမှ စတင်ကာ ဆိုင်ကယ်လိုင်စင်အသစ်များအား ရက်အကန့်သတ်မရှိ ပိတ်ထားကြောင်း စစ်ကောင်စီဘက်မှ ကြေငြာပြီးမကြာခင် ဆိုင်ကယ်စျေးများ ပြောင်းလဲလာခဲ့ပြီး လိုင်စင်ရှိ မော်တော်ဆိုင်ကယ်စျေးများမှာ ငါးသိန်းမှ ရှစ် သိန်းဝန်းကျင်အထိ စျေးတတ်လာခဲ့ကြောင်း မြောင်းမြမြို့နယ်မှ ဆိုင်ကယ်ဝယ်ရောင်း ပြုလုပ်နေသူများထံမှ သိရသည်။
“စျေးကတော့ အခု တော်တော်ပြောင်းနေတယ်။ လိုင်စင်က ဘယ်အချိန်မှ ပြန်ရမယ်ဆိုတာ မသိဘူး။ ကျနော်တို့လည်း လိုင်စင်ဘီးတွေပဲ ကိုင်ထားရဲတယ်။ စျေးက အရင်က လိုင်စင်အပါ သိန်း၄၀လောက်ပေါက်တဲ့ ဘီးတွေဆို အခု ၄၅သိန်း လောက်တော့ အသာလေးခေါ်ရောင်းလို့ရတယ်။ လိုင်စင်မဲ့ဘီးတွေတော့ အခုအခြေအနေမှာ မဝယ်ရဲသေဘူး “ဟု မြောင်းမြမြို့နယ်ရှိ ဆိုင်ကယ်ပွဲစားလုပ်ငန်း လုပ်ကိုင်သူ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီမှ မော်တော်ဆိုင်ကယ်များအား လိုင်စင်အသစ်ပြုလုပ်ခွင့် ပိတ်ထားပြီးနောက် မြို့နယ်များတွင် ယာဥ်စည်းကမ်း အကြောင်းပြပြီး လိုင်စင်ဖမ်းကာ ဖမ်းမိလျှင် ကျပ် ၃၀၀၀၀ မှ ကျပ်တစ်သိန်း ဝန်ကျင်အထိ ဒဏ်ရိုက်လျှက်ရှိသဖြင့် အခြေခံ အလုပ်သမားများ အခက်တွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။
“အရင်က ဒီလောက်အဖမ်းအဆီမရှိဘူး။ အခုက မိတာနဲ့ ယာဥ်လိုင်စင်၊ လူလိုင်စင်နဲ့ ဦးထုတ် အကုန်စစ်ပြီး ငွေတောင်းတော့တာပဲ။ နယ်မြို့တွေမှာ လိုင်စင်ရှိတဲ့ ဆိုင်ကယ်နဲ့လိုင်စင်မဲ့ ဆိုင်ကယ်ဆို အစီးရေ ၁၀၀ လောက်မှ ၇၀ လောက်က လိုင်စင်မဲ့ ဒါကို အမြဲဖမ်းမယ်ဆိုလည်း လိုင်စင်လုပ်ခွင့်ပေးသင့်တယ်။ အခုက လိုင်စင်အသစ်လည်း ပေးမလုပ်ဘူး။ ဖမ်းတာလည်း နေ့တိုင်းပဲဆိုတော့ တော်တော်များများက အခက်တွေ့နေကြရတယ်” ဟု မြောင်းမြမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဧရာဝတီတိုင်းအတွင်းရှိ မြောင်းမြ ၊ကျောင်းကုန် နှင့် ဝါးခယ်မ မြို့များတွင် ကျေးလက်ချင်း ဆက်သွယ်ထားသော လမ်းများပေါ်တွင်ပါ ဆိုင်ကယ်လိုင်စင်ဖမ်းဆီးခြင်းများ ပြုလုပ်နေပြီး ပြည်သူ့စစ်နှင့် မီးသတ်များကိုပါ အသုံးပြု ၍ ဖမ်းဆီး ငွေတောင်းခံနေကြကြောင်း ဒေသခံများထံမှ သိရသည်။
#ဧရာဝတီ #ဆိုင်ကယ်လိုင်စင် #ပိတ်ထား #လိုင်စင်ရှိဆိုင်ကယ်များ #စျေးတတ်လာပြီး #ယာဥ်လိုင်စင် ဖမ်းဆီစစ်ဆေးမှုပိုမိုလုပ်ဆောင်
#Ayeyarwaddy_Times