ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊စက်တင်ဘာလ ၃၀ ရက်

တနင်္သာရီတိုင်း၊မြိတ်ခရိုင်၊ပုလောမြို့နယ်တွင် တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ငါးဦးသေဆုံးခဲ့ကြောင်း မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းထံမှသိရသည်။

စက်တင်ဘာ ၂၈ ရက် နံနက် ၇း၃၀ မိနစ်ဝန်းကျင်ခန့်က ပုလောမြို့နယ် ၊ (၆) မိုင် အနီးကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ် ကို မြိတ်ခရိုင် အမှတ်(၁) တပ်ရင်း မှ ရှေ့ထွက်မိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦး သေဆုံးပြီး ခြောက် ဦး ခန့်ထိခိုက် ဒဏ်ရာ ရရှိခဲ့၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာလာနိုင်ခဲ့ကြောင်း သိရသည်။

ယင်းအပြင် ပုလောမြို့မှ ထွက်ခွာလာသော စစ်ကောင်စီယာဥ်တန်းအား နံနက် ၇ နာရီ ၃၀ မိနစ်ခန့်အချိန်တွင် ခြုံခိုတိုက်ခိုက်ရန်အတွက် စစ်ဆင်ရေးထွက်လာစဥ် နန်းပရုတ်ကျေးရွာ၊ဖားအောက်တောရအနီးတွင် ကြိုတင် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်များက PDF တပ်ဖွဲ့ဝင်များကို လက်ဦးမှုယူကာ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

“သူတို့ (စစ်ကောင်စီတပ်)က လမ်းပိုင်းမှာဘယ်အချိန်ကတည်းကရောက်ပြီး ကင်းပုန်းဝပ်နေကြလည်းမသိဘူး။ကျနော်တို့ ရဲဘော်တွေ စစ်ဆင်ရေး ထွက်လာတဲ့ အချိန်မှာ စစ်ကောင်စီဖက် က လက်ဦးမှုယူပီး စပစ်တယ်။ကျနော်တို့ဖက်က အကောင်းဆုံးပြန်လည်တိုက်ခိုက်နိုင်ခဲ့တယ်” ဟု မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းမှ ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးက ဧရာဝတီတိုင်းမ် ကိုပြောသည်။

အဆိုပါ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွင် ၁၅ မိနစ်ခန့်ဖြစ်ပွားခဲ့ရာ အင်အား (၇၀) ဝန်းကျင်ခန့်ရှိသော စစ်ကောင်စီတပ်များသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ဝိုင်းဝန်းပိတ်ဆို့ရန် ကြိုးစားခဲ့သော်လည်း ရဲဘော်များဖက်မှအောင်မြင်စွာ ဖောက်ခွဲနိုင်ခဲ့ပြီး PDF ရဲဘော် နှစ်ဦး ဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီတပ်သား နှစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကြောင်းသိရသည်။

ယင်းနောက် မျှစ်ချဥ်စုကျေးရွာ၊စာသင်ကျောင်းတွင် တပ်စွဲထားသည့် အင်အား ၃၀ ခန့်ရှိ စစ်ကောင်စီတပ်အား နံနက် ၈နာရီ ၃၀မိနစ်ခန့်အချိန်တွင် မြိတ်ခရိုင်၊ အမှတ် (၁) တပ်ရင်း နှင့်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့မှ အလစ်ငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ၄၅ မိနစ်ခန့်ကြာမြင့်ခဲ့ရာ စစ်ကောင်စီတပ်သားနှစ်ဥဦးသေဆုံးခဲ့သည်။ အထိနာသွားသော စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် တနေကုန် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်းသိရသည်။

အဆိုပါ မိုင်းဆွဲ ပစ်ခတ်မှု သုံးကြိမ်အတွင်း စစ်ကောင်စီတပ်သား ငါးဦးသေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်းထိခိုက်ဒဏ်ရာရှိခဲ့ကာ အဆိုပါအရေအတွက်သည် အတည်ပြုနိုင်သည့် အရေအတွက်သာဖြစ်ပြီး မြေပြင်တွင် ယခုထက်ပိုမိုများပြားနိုင်​ကြောင်း မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းမှ သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ-မြိတ်ခရိုင်အမှတ် (၁) တပ်ရင်း

#ပုလောမြို့ #တစ်ရက်တည်း #တိုက်ပွဲ၃ကြိမ်ဖြစ်ပွား #စစ်ကောင်စီတပ်သား #၅ဦးသေဆုံး
#Ayeyarwaddy_Times