ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၃၀ ရက်
စစ်ကောင်စီ၏ နိုင်ငံရေး၊ စီးပွားရေးလှုပ်ရှားမှုများတွင်ကောင်းမွန်စွာပါဝင်စေရေးအတွက် Non CDM ဝန်ထမ်း များကို မကြမီအချိန်တွင် ထောက်ပံ့ငွေ ပေးအပ်မည်ဖြစ်ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စည်းရုံးပြောကြားလိုက်သည်။
နိုင်ငံ၏အလုပ်လုပ်နိုင်စွမ်း မြှင့်တင်ရေးဆောင်ရွက်လျက်ရှိပြီး စွမ်းအားစုများတွင်ပါဝင်သော ဝန်ထမ်းများကို သက်သာချောင်ချိရေး နှင့် ထောက်ပံ့ရေးစရိတ်များ တိုးမြှင့်ပေးခဲ့ပြီး ယခုထပ်မံ၍နိုင်ငံဝန်ထမ်းများကို ထောက်ပံ့ငွေများ ပိုမိုပေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
မြန်မာနိုင်ငံတွင် နိုင်ငံ့ဝန်ထမ်းအရေအတွက် တစ်သန်းရှိကြောင်း စစ်ကောင်စီလက်အောက်ခံ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနထံ၏ ထုတ်ပြန်ထားချက်အရ သိရသည်။
“ သူပြောတဲ့သက်သာချောင်ချိရေးဆိုတာက ဝေးလံခေါင်ဖျားက လူတွေရတာနေမယ်။ ရန်ကုန်ကလူတွေမရကြပါဘူး။ ထောက်ပံ့ကြေးပေးမယ်ဆိုရင်လိုချင်တာပေါ့။ ဒါပေမယ့် ကုန်ဈေးနှုန်းကတက်အုံးမယ်။ ရမှာက နှစ်ကျပ်လောက်ဆို ကုန်ဈေးနှုန်းက ငါးကျပ်လောက်တက်မှာ။ လက်လုပ်လက်စားတွေအတွက်တော့ခက်မှာ။ ပေးမယ်ဆိုတာနဲ့ ဈေးကတက်တော့မယ်” ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်းမြောင်းဝန်ကြီးဌာနမှ Non CDM ဝန်ထမ်းတစ်ဦးက ပြောသည်။
စစ်ခေါင်းဆောင်က ကုန်ဈေးနှုန်းများကျဆင်းစေရေး စနစ်တကျ ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း ပြောဆိုနေသော်လည်း အခြေခံစားသောက်ကုန်ဈေးနှုန်းများ အပါအဝင် လူသုံးကုန်၊ အိမ်သုံးကုန်ပစ္စည်းဈေးနှုန်းများ သည် နေ့စဉ် ဈေးမြှင့်တက်လျက်ရှိကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။
ထို့ပြင် စစ်ကောင်စီက ပြည်ပအလုပ်သမားများထံမှ ဝင်ငွေခွန်ရရှိရန်ကြိုးစားနေပြီး ယင်းငွေများက နိုင်ငံ၏ ငွေကြေးလည်ပတ်မှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူဖြစ်စေကြောင်း လှည့်ပတ် ပြောကြားလျက်ရှိသည်။
ဓာတ်ပုံ-MOl
#နိုင်ငံဝန်ထမ်း #ထောက်ပံ့ငွေပေးမည် #ကုန်ဈေးနှုန်းတက် #စစ်ကောင်စီ #Ayeyarwaddy_Times