ဧရာ၀တီတိုင်းမ်
စက်တင်ဘာလ ၂၉ ရက်
ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ (၈) ရပ်ကွက်တွင် ကလေးမွေးနေ့အထိမ်းအမှတ် ဆန်၊ ဆီ၊ ကြက်ဥများ လှူဒါန်းမည့် အလှူရှင်က်ို စစ်ကောင်စီတပ်မှ အမှုဖွင့်ထားကြောင်း ဒေသခံများထံက သတင်းရရှိသည်။
စက်တင်ဘာလ ၂၅ ရက် နံနက် ၄နာရီတွင် ကလေးမွေးနေ့ လှူဒါန်းမည်ဆိုသော သတင်းကြောင့် ရပ်ကွက်နေပြည်သူများ လာရောက် တန်းစီနေချိန် စစ်ကောင်စီတပ်များ ရောက်ရှိလာပြီး လမ်းပိတ်ဆို့မှု ပြုလုပ်သည်ဟုဆိုကာ အလှူရှင်ကို အမှုဖွင့်ထားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
“ရပ်ကွက်ထဲကမရှိတဲ့ ပြည်သူတွေကို လှူပေးတာပါ။ ကလေးမွေးနေ့ အလှူလုပ်နေချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် စစ်တပ်က ကားနဲ့ရောက်လာတယ်။ လူအုပ်ကြီးလမ်းပိတ်တယ်ဆိုပြီး ဆဲဆိုကြိမ်းမောင်းလုပ်ကြတယ်၊ နောက်တစ်ခါ ဒီလိုထပ်ဖြစ်ရင် အကုန်လုံးကို ပါးရိုက်မယ်လို့ ကြိမ်းမောင်းပြောဆိုကြတယ်” ဟု (၈) ရပ်ကွက်တွင်နေထိုင်သည့် ဒေသခံတစ်ဦးက ဧရာ၀တီတိုင်မ်းကို ပြောသည်။
အဆိုပါ လှူဒါန်းမည့် အိမ်ထောင်စု (၁၀၀၀)စာ အတွက် ဆန် ၊ကြက်ဥ ၊ ဆီနှင့် အခြားပစ္စည်းများကို စစ်ကောင်စီတပ်များမှ သယ်ယူသွားပြီး သာကေတမြို့နယ်၊ (၈) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ပြန်လည်ပေးမည်ဟု ပြောကြောင်း ဒေသခံများကပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်မှ အလှူရှင်များကို လူစုလူဝေးပြုလုပ်သည်ဟုဆိုကာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဥပဒေပုဒ်မ -၂၅ ဖြင့် အမှုဖွင့်ထားပြီး စစ်ဆေးနေကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးထံကသိရှိရသည်။
#သာကေတ #ကလေးမွေးနေ့အထိမ်းအမှတ် #ဆန် ဆီ #လှူဒါန်းပေးဘို့ပြင်ဆင်နေချိန် #စစ်တပ်ရောက်ရှိ#လူများလမ်းပိတ်ဆို့ #အလှူရှင်းအမှုဖွင့် #ပစ္စည်များကိုသိမ်းယူ