ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၂၉ ရက်

ဧရာဝတီတိုင်းအတွင်းရှိ လယ်ယာမြေအများစုကို တရုတ်သူဌေးများ ဝယ်ယူနေကြပြီး မအူပင်ခရိုင်အတွင်း လယ်ဧကရာချီ၍ အရောင်းအဝယ် ပြုလုပ်နေကြကြောင်း ဒေသခံများထံက သိရသည်။

မအူပင်ခရိုင်တွင်းရှိ မအူပင်မြို့နယ် အပါအဝင် ၊ ပန်းတနော် ၊ ဝါးခယ်မ ၊ အိမ်မဲမြို့နယ်များတွင် စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ဒေသတွင်း ရှိ လယ်ယာမြေများအား တရုတ်သူဌေးများမှ ပေါက်စျေးထက် လျှော့ဝယ်နေကြပြီး ငါးမွေးကန်လုပ်ငန်း နှင့် မွေးမြူရေး လုပ်ငန်းများ အပြိုင်ဆိုင် လုပ်ကိုင်နေကြကြောင်း ဒေသခံများထံမှ သိရသည်။

” ဒီဘက်ကမြေတွေကို ဝယ်တာက ရှမ်းတရုတ်တွေများတယ် အချို့ဆို ဗမာစကား လုံးဝမတတ်တဲ့သူတွေတောင် ပါလာတယ်။ တစ်ဦးကို ဧက ၅၀ ကနေ ၁၀၀ လောက်အထိ ဝယ်ကြတာ။ မြေစျေးကလည်း ဒီဘက်မှာ တစ်ဧက ၁၃ သိန်းလောက်ဆိုတော့ စပါးတစ်ရာသီစာလောက်ပဲ ရှိတာ ။တောင်သူတွေကလည်း ကြွေးပတ်လည် ဝိုင်းနေကြတော့ ရတဲ့စျေးနဲ့ပဲ ရောင်းနေကြရတယ် “ဟု မအူပင်မြို့နယ်မှ ဒေသခံ အမျိုးသားတစ်ဦး က ဧရာဝတီတိုင်းမ် ကိုပြောသည်။

လယ်ယာလုပ်ငန်းသုံး သွင်းအားစု ပစ္စည်းများ စျေးတတ်လာမှုကြောင့် စိုက်ပျိုးနိုင်မှုမှာ တစ်နှစ်ထက် တစ်နှစ် လျှော့နည်းလာခဲ့ပြီး လယ်သမားများ အခက်ခဲဖြစ်လာခဲ့ရကြောင်း ဒေသခံလယ်သမားများထံက သိရသည်။

“တောင်သူတွေဖြစ်နေတာကတော့ အလုပ်လုပ်ရင်း အကြွေးတင်နေတာပါ။ စိုက်လိုက်တဲ့လယ်က စပါးထွက်တယ်ထား ထည့်ရတဲ့သွင်းအားစု နဲ့ ပြန်ရတဲ့အမြတ်က တစ်ရာသီစိုက်ရင် နောက်တစ်ရာသီအတွက် အရင်းတောင်ပြန်မရဘူး။ ဒီကြားထဲ ရာသီဥတုဖျက်ရင်လည်း စပါးက မရပြန်ဘူး။ ဒီတော့ သူများဆီမှာ ငွေဆွဲရတယ်။ နောက်ပိုင်းကျတော့ လယ်လုပ်နိုင်စွမ်း မရှိတော့ဘူး။ ဒီတော့ရတဲ့စျေးနဲ့ ရောင်းရတာမျိုးတွေတောင် ရှိနေတာ”ဟု ပန်းတနော်မြို့နယ်မှ တောင်သူတစ်ဦးက ဧရာဝတီတိုင်းမ် ကို ပြောသည်။

မအူပင်ခရိုင်အတွင်းရှိ မြို့နယ်များတွင် လယ်ယာမြေများအား အရောင်းအဝယ် ပြုလုပ်ရာတွင် အုပ်ချုပ်ရေးမှူးနှင့် ပွဲစားများအား တစ်ဧကလျှင် တစ်သိန်းကျပ်အထိ ပွဲစားခ ပေးဆောင်ပြီး အရောင်းအဝယ်ပြုလုပ်နေကြကြောင်း လယ်ယာမြေရောင်းချသူများထံမှ သိရသည်။

#ဧရာဝတီတိုင်း #လယ်ယာမြေ #တရုတ်သူဌေး #ဝယ်ယူနေ #မအူပင်ခရိုင် #ဧကရာချီဝယ်ယူမှုများပြုလုပ် #Ayeyarwaddy_Times