ဧရာဝတီတိုင်းမ်

(သာယာဝတီ)၊ စက်တင်ဘာလ ၂၉ ရက်

ပဲခူးတိုင်း၊ သာယာဝတီခရိုင်အတွင်း ဩဂုတ်လနှင့် စက်တင်ဘာလများတွင် စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားသည့် ပြည်သူ့စစ်အရေအတွက် များပြားလာခဲ့ပြီး ၎င်းတို့အား ရှေ့တန်းထွက်သွားရသည့် စစ်ကောင်စီတပ်သားများ နေရာတွင် အစားထိုးကာ လုံခြုံရေးယူခိုင်းခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်နှင့် ၂၀ ရက်နေ့များက ပြည်တပ်နယ်နှင့် တောင်ငူတပ်နယ်များတွင် စစ်သင်တန်းတက်ရောက်ပြီးစီးခဲ့သည့် ပြည်သူ့စစ်အဖွဲ့ဝင်များကို လက်နက်တပ်ဆင်သည့် အခမ်းအနားများ ပြုလုပ်ပေးခဲ့ကြောင်းသိရပြီး သာယာဝတီခရိုင်အတွင်း ယခင်ကတည်းက လက်နက်တပ်ဆင်ထားသည့် ပြည်သူ့စစ် တပ်ဖွဲ့ဝင်များစွာ ရှိကြောင်း ဒေသခံများထံက သိရသည်။

“ကျွန်တော်တို့ ရပ်ကွက်ထဲက ပြည်သူ့စစ် ငါးယောက်က သေနတ်တွေကိုင်ပြီး တကားကားနဲ့ ရပ်ကွက်ထဲ လျှောက်သွားနေတာ။ အဲဒီထဲကနှစ်ယောက်က ဟိုတလောက သင်တန်းဆင်းပြီး သေနတ်အရှည် နှစ်လက်ရထားတာ ” ဟု သာယာဝတီမြို့ခံတစ်ဦးက ဧရာဝတီတိုင်းကို ပြောသည်။

သာယာဝတီမြို့နယ်တွင် ပြည်သူ့စစ်များကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးမှ တစ်ဆင့် ရပ်ကွက်တစ်ခု၊ ကျေးရွာတစ်ခုလျှင် လူငါးယောက်စီ ပေးရမည်ဟုဆိုကာ ခေါ်ယူနေခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် သာယာဝတီခရိုင်းအတွင်းရှိ သာယာဝတီ၊ မင်းလှ၊ လက်ပံတန်း၊ ဇီးကုန်း စသည့်မြို့နယ်များတွင် စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားသည့် ပြည်သူ့စစ်အဖွဲ့ဝင်များကို လမ်းစစ်ဆေးရေးဂိတ်များ၊ ရှေ့တန်းထွက်သွားသည့် တပ်ရင်းများတွင် လုံခြုံရေးအစောင့်အဖြစ်ထားခြင်းများ ပြုလုပ်နေကြောင်းလည်း သိရသည်။

“ဒီဘက်မှာက စစ်ကြောင်းတွေမှာပဲဖြစ်ဖြစ် စစ်သားတစ်ယောက်၊ နှစ်ယောက်နဲ့ပြည်သူ့စစ်ငါးယောက်လောက်ကို ညှပ်ထားလိုက်တယ်။ အဲ့ဒီတော့ တကယ်ရင်ဆိုင်တိုက်ပွဲတွေကျ သူတို့ကအတွေအကြုံ မပြည့်ဝတော့ ပုန်းနေတာတို့၊ ဝပ်နေတာတို့ဖြစ်ကုန်ရော။ တော်လှန်ရေးတပ်ဖွဲ့ဘက်က အင်အားနည်းပေမဲ့ စစ်ကောင်စီဘက်က သေဆုံးများတယ်ဆိုတာ အဲ့ဒီလိုဖြစ်လို့။ ဟိုတလောက သင်တန်းဆင်းတယ်ဆိုတာ ကျွန်တော်တို့ မင်းလှဘက်က ငါးယောက်၊ ခြောက်ယောက်လောက်ပါတယ်။ သေနတ်ရလာတယ်။ အဲ့ဒီသေနတ်တွေကလည်း အဖြစ်ပဲ ဆင်ပေးလိုက်တာ။ ဂျပန်ခေတ်လောက်က သေနတ်တွေ” ဟု PDFတပ်ရင်း ၃၈၀၂ တပ်ရင်းတာဝန်ခံ ရဲဘော်ဇော်ကြီးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

သာယာဝတီခရိုင်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလကတည်းက မဘသဆရာတော် ဦးဝီရသူမှ ဦးဆောင်၍ ပျူစောထီးများ ဖွဲ့စည်းရန် ဒေသခံဘုန်းကြီးကျောင်းများတွင် လိုက်လံစည်းရုံးခဲ့ပြီး ပြည်သူ့စစ်သင်တန်းများ တက်ရောက်လိုအပ်ပါက ပျူစောထီးအဖွဲ့ဝင်များထဲမှ အများစုရွေးချယ်စေလွှတ်ကြပြီး သင်တန်းမတက်ချင်သူများမှာ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီသည် ရှေ့တန်းတပ်စခန်းများတွင် စစ်အင်အားလျော့နည်းလာသည့်အတွက် နောက်တန်းတပ်နေရာများတွင် အစားထိုးနိုင်ရန် အင်အားစုဆောင်းခြင်းများ ပြုလုပ်ပြီး ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အများစုတွင်လည်း ပြည့်သူ့စစ်အင်အားများ စုဆောင်းနေပြီး ၁၅ ရက်တစ်ခါ သင်တန်းပေးခြင်းများ ပြုလုပ်နေကြောင်းလည်း သိရသည်။

ဓာတ်ပုံ – လူမှုကွန်ယက်

#သာယာဝတီ #ပြည်သူ့စစ် #စစ်ကောင်စီ #အင်အားစုဆောင်း #သင်တန်းပေး #Ayeyarwaddy_Times