ဇွဲနိုင်/ဧရာဝတီတိုင်းမ်

(ရေဖြူ) ၊စက်တင်ဘာလ ၂၉ ရက်

တနင်္သာရီ တိုင်း၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့အခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့ တစ်ခုဖြစ်သည့် ရွှေဘီလုံး ပြည်သူ့ကာကွယ်ရေးတပ်စခန်းကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ၍ စီးနင်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း အဖွဲ့၏ တာဝန်ရှိသူထံမှ သိရသည်။

စက်တင်ဘာလ ၂၅ ရက်နေ့ မနက် ၁၀ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၄၀ ဝန်းကျင်ခန့် ဖြင့် စစ်ကြောင်းထိုး စီးနင်းတိုက်ခိုက်ခဲ့သည့်အတွက် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပြီး အင်အား မမျှသည့်အတွက် ဆုတ်ခွာပေးရကာ စခန်းကျသွားကြောင်း တာဝန်ရှိသူက ဆိုသည်။

“အဲ ဒီနေ့က စခန်းမှာ ရဲဘော်တွေ ၁၀ ဦး လောက်ပဲရှိတယ်။လက်နက်အင်အား လူအင်အားမမျှလို့ ဆုတ်ခွာပေးခဲ့ရပါတယ်။စခန်းကိုတော့ စစ်ကောင်စီတပ်က ဆန်တွေ ပေါ်မှာ ဓာတ်ဆီလောင်းပြီး မီးရှို့ဖျက်ဆီးခဲ့တယ်။ လက်နက်၊ ခဲယမ်း၊ ရိက္ခာ ပစ္စည်းတွေ၊ထုတ်လုပ်ရေးပစ္စည်းတွေ ဆုံးရှုံး သွားတယ် “ဟု ရွေဘီလုံး ပြည်သူ့ကာကွယ်ရေး တပ်မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီ တပ်၏ စစ်ကြောင်းထိုးစီးနင်း မီးရှို့ဖျက်ဆီးမှုကြောင့် စုစုပေါင်း ကျပ်သိန်း ၁၂၀ ကျော် တန်ကြေးရှိ ပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

” လက်နက်ခဲယမ်း ပစ္စည်းနဲ့ စခန်းတော့ ကျသွားတယ်။ ရဲဘော်တွေက ဘာမှမဖြစ်ကြဘူး။ ကျွန်တော်တို့ အဖွဲ့နဲ့ စစ်ကောင်စီ တပ်က အဲဒီနေ့ မှာ နှစ်ကြိမ် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်။ နှစ်ဖက် စလုံး ထိခိုက်မှုမရှိဘူး။ စစ်ကောင် စီတပ်သားတွေကတော့ အခုထိကင်းပုန်းဝပ်တာ တွေရှိနေသေးတယ်။ ကျွန်တော်တို့ အဖွဲ့ က ရဲဘော်တွေ အားလုံး လုံခြုံတဲ့နေရာမှာ ရှိနေပါတယ်” ဟု ရွှေဘီလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် စက်တင်ဘာလ ၂၄ ရက်နေ့မှ စ၍ ရေဖြူမြို့နယ် အတွင်း သို့ အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်ခြင်း နှင့် နေအိမ်မီးရှို့ခြင်းများကို လုပ်ဆောင်နေကြောင်း သိရသည်။

ရေဖြူမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်တိုက်ခိုက်နေသော တပ်များမှာ မောရဝတီရေတပ်ဌာနချုပ်၊ကံပေါက် အခြေစိုက် ခလရ ၂၇၃၊ကလိန်အောင် အခြေစိုက် ခမရ ၄၀၈၊ ခမရ ၄၀၉၊ခမရ ၄၁၀ နှင့် အမတ ၂၈၂ တပ်ရင်းတို့ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-ဧရာဝတီတိုင်းမ်

စစ်ကောင်စီတပ်မှ စီးနင်းမီးရှို့ဖျက်ဆီးသွားသော ရွှေဘီလုံး ပြည်သူ့ကာကွယ်ရေးတပ်စခန်း။

#ကလိန်အောင်မြို့ #PDFစခန်းတစ်ခု #စီးနင်းမီးရှို့ဖျက်ဆီးခံရ #ကျပ်သိန်း၁၂၀ကျော်ဆုံးရှုံး

#Ayeyarwaddy_Times