ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၈ ရက်
ဧရာဝတီတိုင်း ကျုံပျော်မြို့နယ် ငါးကျီးထူကျေးရွာ၌ NLD အစိုးရလက်ထက် ကိုဗစ်ကာလ မီတာခပေးရန် ကျန်ရှိသည့် နေအိမ် (၁၀၀)ကျော်ကို ယမန်နေ့ (စက်တင်ဘာ ၂၇) နေ့လည်ပိုင်းက မြို့နယ်လျှပ်စစ်ဝန်ထမ်းများ မှ လာရောက်၍ တစ်အိမ်လျှင် ငွေကျပ်တစ်သိန်းခွဲ ဒဏ်ရိုက်ကာ မီတာ ၁၅ လုံးထက်မနည်း သိမ်းဆည်းခံခဲ့ရကြောင်း သတင်းရရှိသည်။
” အရင်အမေစုလက်ထက်တုန်းက ကိုဗစ်ကာလ မီတာခမဆောင်ခိုင်းတာကို အကြွေးလာတောင်းတာ။ တစ်အိမ်ကို တစ်သိန်းခွဲ လာကောက်သွားတယ်။ မပေးတဲ့အိမ်တွေရှိရင် အာဏာဖီဆန်မှုနဲ့ တရားစွဲမယ်လို့လည်း ခြိမ်းခြောက်သွားတယ်” ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ဒေသခံကျေးရွာသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထို့အပြင် မီတာခအကြွေးကျန်သည်ဟု အကြောင်းပြ၍ လျှပ်စစ်မီတာ ၁၅ လုံးဝန်းကျင်ကိုဖြုတ်သိမ်းကာ ပြန်လည်တပ်ဆင်လိုပါက မီတာတစ်လုံးလျှင်ငွေကျပ် ရှစ်သိန်းဝန်းကျင် ပေးအပ်ရန် လျှပ်စစ်ဝန်ထမ်းအချို့မှ ခြိမ်းခြောက်ပြောဆိုသွားခဲ့ကြောင်း ဒေသခံများထံကသိရှိရသည်။
” မီတာခပုံမှန်မဆောင်လို့ လျှပ်စစ်မီတာပုံးတွေ အဖြုတ်ခံလိုက်ရတယ်။ မီးပြန်ရချင်ရင် ငွေကျပ် ရှစ်သိန်း ပေးမှ မီးပြန်ဆင်ပေးမယ်။ မီတာပုံးပြန်တပ်ပေးမယ်ဆိုပြီးတော့ ခြိမ်းခြောက်ပြောခံရတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
ကျုံပျော်မြို့နယ်တွင် ပြီးခဲ့သည့်စက်တင်ဘာလ ပထမအပတ်ကလည်း မြို့တွင်းရပ်ကွက်များတွင် လျှပ်စစ်မီတာခ သုံးလစာ ပေးအပ်နိုင်ခြင်းမရှိဟု အကြောင်းပြကာ တစ်အိမ်လျှင်ငွေကျပ် တစ်သိန်း တောင်းခံခဲ့ပြီး လျှပ်စစ်မီတာ ၃၀ လုံးနီးပါး ဖြုတ်သိမ်းခံခဲ့ရသည်။
#ကျုံပျော် #ငါးကျီးထူရွာ #NLD #ကိုဗစ်ကာလ #မီတာခပေးရန်ကျန်ရှိ #နေအိမ်၁၀၀ကျော် #တစ်အိမ် #ငွေကျပ်တစ်သိန်းခွဲ #ဒဏ်ရိုက် #မီတာ၁၅လုံးကျော်ဖြုတ်သိမ်း #Ayeyarwaddy_Times