ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၈ ရက်
ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနှင့် ဆက်စပ်လျက်ရှိသော အရှေ့မြောက်ပိုင်း တို့တွင် လေဖိအားနည်းရပ်ဝန်း (Low Pressure Area) တစ်ခု ဖြစ်ပေါ်နေပြီး သုံးရက်အတွင်းအား ကောင်းနိုင်ကာ အောက်တို ဘာ ၁ ရက်နေ့တွင် အားကောင်းသော လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ ရောက်ရှိနိုင်မည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန(မိုး/ဇလ)က ယနေ့ စက်တင်ဘာ ၂၈ ရက်နေ့တွင် ခန့်မှန်း ထုတ်ပြန်ထားသည်။
လေဖိအားနည်း ရပ်ဝန်းအရှိန်ကြောင့် မြန်မာနိုင်ငံတွင် မိုးရွာသွန်းနေမည်ဖြစ်ကာ ကမ်းလွန်ပင်လယ်ပြင်တွင် မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည် ဖြစ်ကြောင်း မိုး/ဇလ ၏ ထုတ်ပြန်ချက်အရသိရသည်။
“ ရန်ကုန်မြစ် ဒီရေတက်မဲ့အချိန်တွေနဲ့ တိုက်ဆိုင်နေတဲ့အတွက် မိုးများတဲ့အခါ ရေကြီးရေလျှံဖြစ်နိုင်တာမို့ မြစ်ချောင်းကမ်းနား အနိမ့်ပိုင်းနေရာတွေ သတိထား ဖို့လိုတယ်” ဟု မိုးလေဝသပညာရပ်များကို လေ့လာနေသူ ဦးဝင်းနိုင်က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာမှတဆင့် သတိပေးထားသည်။
လာမည့်နှစ်ရက်အတွင်း ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ မကွေး၊ တနင်္သာရီတိုင်းနှင့် ရခိုင်၊ မွန်၊ ကရင်ပြည်နယ်တို့တွင် မိုးရွာသွန်းမှုများမည်ဖြစ်ပြီး မိုးကြီးနိုင်ကြောင်း သိရသည်။
ထို့ပြင်စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ကချင်ပြည်နယ် (မြောက်ပိုင်း)၊ ကယားပြည်နယ် တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာ မည်ဖြစ်ကြောင်း သိရသည်။
အောက်တိုဘာလအတွင်း စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ၁ ကြိမ်၊ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် ၁ ကြိမ်၊ သံလွင်မြစ်ရေသည် ဘားအံ့မြို့တွင် ၁ ကြိမ်၊ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် ၁ ကြိမ်၊ ငဝန်မြစ်ရေသည် ပုသိမ်မြို့တွင် ၁ ကြိမ်နှင့် တိုးမြစ်ရေသည် မအူပင်မြို့တွင် ၁ ကြိမ်ခန့် စိုးရိမ်ရေမှတ်ကို ကျော်လွန် ရောက်ရှိနိုင်ကြောင်း မိုး/ဇလ က ခန့်မှန်းထားသည်။
ဓာတ်ပုံ – မိုးဇလ
#ဘင်္ဂလားပင်လယ်အော် #လေဖိအားနည်းရပ်ဝန်း #၃ရက်အတွင်းအားကောင်းနိုင် #ဒီရေတက်ချိန် #မြစ်ချောင်းကမ်းနားအနိမ့်ပိုင်း #သတိပြုရန်လိုအပ် #Ayeyarwaddy_Times