ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၈ ရက်

ကုန်စျေးနှုန်းကြီးမြင့်လာမှု့နှင့် ဒေသတွင်း အလုပ်အကိုင်ရှားပါးလာမှုများကြောင့် အလုပ်လက်မဲ့များ များပြားလာပြီး ဆိုင်ကယ် ၊ လှေနှင့် စက်ပစ္စည်းများ နေ့စဥ် ခိုးယူခံနေရကြောင်း ကျောင်းကုန်းမြို့နယ် ဒေသခံများထံမှ သိရသည်။

“ဒီဘက်မှာ အခုက အခြေနေ တော်တော်ဆိုးနေတာ အရင်ကဆို ဆိုင်ကယ် ပျောက်တာလောက်ပဲရှိတာ ဒါတောင်အမြဲ အခိုးခံရတာတော့ မဟုတ်ဘူး အခုက ကားရပ်ထားရင် ဘတ်ထရီခိုးတယ် ၊ သုံးဘီးတွေလည်း ဘတ်ထီခိုးတယ် ဓာတ်ကြိုးတွေ အကုန်ပါပဲ ရောင်းလို့ရတာမှန်သမျှ အကုန်ခိုးနေကြတာ ရဲသွားတိုင်လည်း အလုပ်ရှုပ်တာပဲရှိတယ် ဒီတော့ သွားတိုင်မနေတော့ဘူး ” ဟု ကျောင်းကုန်းဒေသခံ အမျိုးသားတစ်ဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။

ဒေသအတွင်းဖြစ်ပေါ်နေသော ခိုးမှုများအား စစ်ကောင်စီမှ ဖမ်းဆီအရေးယူနိုင်ခြင်း မရှိသောကြောင့် အုပ်စုဖွဲ့ ခိုးယူမှုများ ပိုမိုများပြာလာခဲ့ကြောင်း ဒေသခံများက ပြောသည်။

“အဓိကကတော့ ထိရောက်အောင် ဖမ်းဆီနိုင်တာမျိုးမရှိဘူး အခုလယ်ထဲက စက်တွေအထိပါ ခိုးကြတယ် စပါးရေသွင်းတော့ စက်မောင်းထားတာ ခိုးတဲ့ကောင်တွေက ဘယ်လိုခိုးလည်းဆိုတော့ ဘလူတုဘောက်ထဲကို စက်သံ သွင်းတယ်။ ပြီးတော့ စက်သံဖွင့်တယ် အသံကြားနေရတော့လည်း ဘယ်ထကြည့်မလည်း နောက်တော့ ရေမလာတော့မှ သွားကြည့်တော့ စက်မရှိတော့ဘူး ဘောက်ပဲကျန်ခဲ့တယ် ကြာရင်သူခိုးတွေကနေ ဓားပြဖြစ်လာမှာဆိုးရတယ် ” ဟုဝါးခယ်မမြို့နယ်မှ ဒေသခံလယ်သမားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ဧရာဝတီတိုင်း အတွင်း ကျောင်းကုန်း ၊ ပန်းတနော် ၊ အိမ်မဲ စသောမြို့နယ်များတွင် ၂၀၂၃ ခုနှစ်အတွင်း ပစ္စည်းအခိုးခံရမှုမှာ ယခင်ကထက် သုံးဆကျော် မြင့်တတ်လာပြီး စစ်ကောင်စီတပ်ဖွဲ့များမှ ဖမ်းဆီအရေးယူနိုင်ခြင်း မရှိကြောင်း ဒေသခံများထံမှ သိရသည်။

#ကျောင်းကုန်း #စစ်ကောင်စီတပ်များ #ကင်းလှည့်နေသည့်ကြားမှ #ဆိုင်ကယ် #လှေနှင့်စက်ပစ္စည်းများ #နေ့စဥ်ခိုးယူခံနေရ #Ayeyarwaddy_Times