ဧရာဝတီတိုင်းမ်
(ကန်ပက်လက်)၊ စက်တင်ဘာလ ၂၈ ရက်
မကွေးတိုင်း၊ ဆောမြို့၊ ဆော- PDF တပ်ရင်း (၃) ၊ တပ်ခွဲ-၃ မှ တပ်ဖွဲ့ဝင်အင်အား ၃၂ ယောက်သည် ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်နေ့၊ ည ၇ နာရီ ၃၀ မိနစ်က ချင်းကာကွယ်ရေးတပ်ဖွဲ့(ကန်ပက်လက်)၏ တပ်ဖွဲ့ဝင်နှစ်ဦးကို သတိလစ်သည်အထိ ရိုက်နှက်၍ ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ချင်းကာကွယ်ရေးတပ်ဖွဲ့(ကန်ပက်လက်) တပ်ဖွဲ့ဝင်နှစ်ဦးသည် ဆောမှနေ၍ ကန်ပက် လက်သို့အပြန်တွင် ဆော-PDFတပ်ဖွဲ့များက နောက်မှ လိုက်လာကာ ဆောက်လုပ်ရေး သုံး သံချောင်းများပါသည့် အမာသားပျဥ်ချောင်းများဖြင့် ရိုက်နှက် ခဲ့ခြင်းဖြစ်ကြောင်း CDF-ကန်ပက်လက် ထံက သိရသည်။
“CDF တပ်ဖွဲ့ဝင် နှစ်ဦးကို အခုလို ရိုက်နှစ်တာကို ကျွန်တော်တို့ ဘယ်လိုမှ လက်မခံနိုင်ဘူး။ သူတို့ PDF ၃၂ ယောက်က ဝိုင်းရိုက်ကြတာ သတိလစ်မေ့မျာ နေသည်အထိပဲ။ သေလောက်ပြီအထင်နှင့် သူတို့ပစ်ထားခဲ့တာ။ ကျွန်တော်တို့ ဘယ်လိုမှ လက်ခံနိုင်စရာအကြောင်းမရှိဘူး” ဟု CDF-ကန်ပက်လက် တာဝန်ရှိသူများက ဧရာဝတီ တိုင်းမ်ကို ပြောသည်။
ရိုက်နှက်ခံထားရသည့် ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက် )တပ်ဖွဲ့ဝင် နှစ်ဦးသည် လက်ရှိတွင် ဦးခေါင်းဒါဏ်ရာများကြောင့် အရေးပေါ်ဆေးကုသမှုများ ခံယူနေရကြောင်း CDF တာဝန်ရှိသူတစ်ဦးထံက သိရသည်။
ဆော-PDFတပ်ဖွဲ့ဝင်များသည် ယခင်က ကန်ပက်လက်မြို့မှ အသက် ၅ဝ ဝန်းကျင်ရှိ စစ်ဘေးရှောင် အမျိုးသားတစ်ဦးကိုလည်း ရိုက်နှက်ခဲ့ပြီး လက်ရှိတွင် ရရှိထားသည့် အတွင်းဒဏ်ရာများကြောင့် အလုပ်မလုပ်နိုင်တော့ကြောင်း သိရသည်။
“အခုလို ဆော-PDFတပ်ဖွဲ့ဝင်တွေက ကိုယ်ထိလက်ရောက်ကျူးလွန်တာဟာ လက်နက် ကိုင်အချင်းချင်း၊ ပြည်သူအချင်းချင်း ကြားမှာ တော်လှန်ရေးအတွက်ထိခိုက်လာနိုင်တယ်” ဟု ကန်ပက်လက် ဒေသခံအမျိုးသားတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ဆောမြို့၊ ကာကွယ်ရေးတပ်ဖွဲ့ ဆော-PDF မှ ကန်ပက်လက်ပြည်သူများ၊ CDF တပ်ဖွဲ့ဝင်များအပေါ် ကိုယ်ထိလက်ရောက်ကျူးလွန်မှုများကို ၁၀ ကြိမ်ထက်မနည်း ပြုလုပ်ထားကြောင်း ဒေသခံများထံက သိရသည်။
ပုံစာ-ဆော-PDFများက ရိုက်နှက်ခဲ့သော CDF-ကန်ပက်လက်တပ်ဖွဲ့ဝင်နှစ်ဦး
#ချင်းကာကွယ်ရေးတပ်ဖွဲ့(ကန်ပက်လက်) #တပ်ဖွဲ့ဝင်၂ဦး #ဆောကာကွယ်ရေးတပ်ဖွဲ့ဝင်များရိုက်နှက် #ပြင်းထန်ဒဏ်ရာရ #Ayeyarwaddy_Times